ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် ဝိုင်းကျော် ကွယ်လွန်

Author ခွန်စစ်နိုင်၊ လင်းနွေဦး
Categories
Published on May 22, 2024

စစ်အာဏာရှင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်ရင်း ထင်ရှားတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ထဲက လူရွှင်တော် ဝိုင်းကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူချိန်မှာပဲ ဒီနေ့ မေလ ၂၂ ရက် မနက် ၁၁ နာရီလောက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

 

လူရွှင်တော် ဝိုင်းကျော်ရဲ့  ဈာပနကို မေလ ၂၄ ရက်နေ့မှာ ကျောင်းကြီးကျောင်းကနေ သင်္ဂြုဟ်မှာဖြစ်ပြီး အစီစဉ်အသေးစိတ်နဲ့ အချိန်တို့ကို သိရှိနိုင်ဖို့ CJ Platform အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

“ ဟားငါးကောင်အဖွဲ့ဟာ ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ ဟာသလူရွှင်တော်အဖွဲ့ဖြစ်သလို ကိုဝိုင်းကျော်လည်း တစ်ဦးအပါအဝင်ဖြစ်လို့ ကိုဝိုင်းကျော်ကို တော်လှန်ရေးဘက်တော်သားတွေက အမြဲအမှတ်ရနေကြမှာပါ ” လို့ တော်လှန်အနုပညာအသိုင်းအဝိုင်းက လူငယ်တစ်ဦးက ပြောပါတယ်။

 

ကိုဝိုင်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လွတ်မြောက်နယ်မြေကနေ အငြိမ့်ကပြတာတွေအပြင် တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတွေ ရိုက်ကူးခဲ့ပြီး စစ်ကောင်စီကို တော်လှန်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

 

ဟားငါးကောင်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ပြုလုပ်ခဲ့တဲ့ မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီလုပ်ငန်းရဲ့ လူရွှင်တော်ရွှေဖလားအစီအစဉ်ကနေ နာမည်ကျော်လူသိများလာခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်