မိဘအိမ်ကဆင်းပြီး အွန်လိုင်းအလုပ်ခေါ်စာကြောင့် ရန်ကုန်သွားရာမှ လူကုန်ကူးခံရတဲ့အမျိုးသမီးငယ် ထွက်ပြေးလွတ်မြောက်

Published on May 21, 2024

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊တောကျွဲအင်းရွာက အမျိုးသမီးတစ်ဦး အွန်လိုင်းပေါ်က အလုပ်ခေါ်စာကို ယုံကြည်မိပြီး ရန်ကုန်မြို့ကို သွားရောက်ရာမှ လူကုန်ကူးခံရမှန်းသိပြီး ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ လွတ်မြောက်ဖို့ ကူညီပေးခဲ့ရတဲ့ တောင်ငူမြို့နယ် လူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

 

မချိုချို(အမည်လွှဲ) (၁၈)နှစ်ဟာ မိဘဖြစ်သူနဲ့ စိတ်ဆိုးပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက  အိမ်ပေါ်ကဆင်းလာပြီးနောက် စစ်ကိုင်းကားကြီးကွင်းထဲမှာ နေထိုင်ခဲ့ရင်း လူမှုကွန်ရက်ပေါ်က လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုတာကို ယုံကြည်ကာ ဆက်သွယ်မိပြီးနောက် ရန်ကုန်မြို့ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်ကားကြီးကွင်းထဲမှာ အဲဒီအမျိုးသမီးငယ်ဟာ ထမင်းစားနေခိုက် လူကုန်ကူးသူတွေက ပြောနေတဲ့စကားတွေကို ကြားရလို့ မသင်္ကာတဲ့အတွက် အံစာတုံးကား တစ်စီးကို အကူအညီတောင်းကာ  ချက်ချင်းထွက်ပြေးခဲ့ပြီး မေလ ၁၉ရက်နေ့မှာ တောင်ငူမြို့ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးကို ထပ်မံ အကူညီတောင်းရာမှာ အဲဒီအမျိုးသမီးကနေတဆင့် ဒေသတွင်း ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Save The Trees Rescue Team ကို ဆက်သွယ်ပေးခဲ့တာကြောင့် Save The Trees Rescue Team  အဖွဲ့က မေလ ၂၀ရက်နေ့မှာတော့ မိဘတွေဆီကို ပြန်လည်အပ်နှံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

“ကလေးမလေး ပြောတဲ့စကားအရဆိုရင်တော့ ဒီမှာ ကောင်မလေးတွေရောက်နေပြီ ဘယ်ပို့ပေးရမလဲ ဘာလဲပေါ့ အဲ့ဒါကြားပြီးထွက်ပြေးလာတာ ” လို့ Save The Trees Rescue Team အဖွဲ့က ကိုကျော်သူရက ပြောပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပပျောက်ရေးအတွက် သိသာထင်ရှားတဲ့ ကြိုးပမ်း ဆောင်ရွက်မှု မရှိသလို လူကုန်ကူးမှုတိုက်ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃နေရာမှာ ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ထားပါတယ်။