ယနေ့နံနက်ပိုင်း မြဝတီကိုလာကြဲသည့် စစ်ကောင်စီလေယာဉ်ဗုံးကြောင့် ရေပူရပ်ရှိ ပြည်သူ ၂၀ နီးပါးသေဆုံးဟုဆို

Author ဝက်ဝံနက်
Categories
Published on Apr 22, 2024

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ရေပူရပ် အမှတ် ၂ တံတားဝန်းကျင်ကို ယနေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးလာကြဲသဖြင့် ပြည်သူ ၂၀ ဦးနီးပါးသေဆုံးခဲ့သည်ဟု ​မြဝတီမြို့အခြေစိုက် မွန်မြတ်ဖြူစင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ဒီနေ့နံနက် ၁ နာရီလောက်က ဗုံး နှစ်ခါကြဲသွားတာ။ ပြည်သူ ၂၀ လောက်သေသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ အယောက် ၂၀ လောက်ပဲ။ သူတို့ကို မဲဆောက်ဆေးရုံပို့ထားတယ်။ ဒီဘက်ကတော့ သွားလို့ရတဲ့နေရာလောက်အထိ သွားရောက်ကယ်ဆယ်မှုတွေ လုပ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

 

သေဆုံးသူအများစုသည် စစ်ဘေးမရှောင်ဘဲ ရေပူရပ်အတွင်းနေထိုင်ခဲ့သူများဖြစ်သည်ဟု ယင်းအသင်းထံမှ သိရသည်။

 

ယနေ့ ဧပြီ ၂၂ ရက် နံနက် ၁၂ နာရီ ၅၀ ကျော်နှင့် ၁ နာရီခန့်တို့တွင် စစ်ကောင်စီမှ လေယာဥ်များဖြင့် ဗုံးလာရောက်ကြဲခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

 

“ဗုံးကျတာကတော့ ရေပူဘက်အခြမ်းကိုကျတာ။ ပထမတစ်ကြိမ်ကျတုန်းက အသံကို တော်တော်ကျယ်တယ်။ ဒုတိယအကြိမ်ကျတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးတွေ စလုပ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ တံတားကို အသစ်လက်မခံသေးသော်လည်း  ၇ ရက်နှင့် ၁၄ ရက် လက်မှတ်ဟောင်းကိုင်ဆောင်ထားသူများအပါအဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

ဧပြီ ၁၉ ရက်နေ့ ညပိုင်းတွင် KNLA/PDF ပူးပေါင်းအဖွဲ့များက မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ အမှတ် ၂ တံတားသို့ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဒရုန်းများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

 

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများအတွင်း ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်များအပါအဝင် လက်နက်ငယ်ကျည်များ ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။

 

ထို့ကြောင့် လေးရက်အတွင်း မြဝတီမြို့မှ စစ်ဘေးရှောင် သုံးထောင်ခန့်အထိ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းသို့ ဝင်ရောက်ခိုလှုံနေသည့်အတွက် ထိုင်းအာဏာပိုင်များက ယာယီစစ်ရှောင်စခန်း ခြောက်ခုဖွင့်လှစ်၍ ခိုလှုံခွင့်ပြုထားသည်။

 

ပုံစာ – ဧပြီ ၂၀ ရက်နေ့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး စစ်ကောင်စီ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲသည်ကိုတွေ့မြင်ရစဉ်