နောင်ချိုမြို့နယ်ရှိ ရွာသုံးရွာမှ ဘုန်းကြီးကျောင်းများကို လေကြောင်းဖြင့် ဗုံးခုနစ်ကြိမ်ကြဲချ

Author မင်းထက်
Categories
Published on Apr 22, 2024

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အကြား ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က  စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်မှ ရွာသုံးရွာရှိ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးခုနှစ်ကြိမ်ကြဲချခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ထံက သိရသည်။

ယမန်နေ့ ဧပြီ ၂၁ ရက် နေ့တွင် မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသော နောင်ချိုနယ် သရက်ကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းနှင့် ခုနှစ်ကြိမ် လာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

 

“အဆောက်အဦးပျက်စီးမှုတော့ များပါတယ်။ ကျေးရွာတွေအများစုက စစ်ရှောင်နေတာဆိုတော့ အရပ်သားထိခိုက်မှုတော့ မရှိခဲ့ပါဘူး ” ဟု MDY -PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို သုံးကြိမ်၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းကို နှစ်ကြိမ်နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းကို နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MDY -PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ လော်ဘီများသည် ဧပြီ ၂၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် PDF ၃၅၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍  တိုက်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း  ရေးသားဖြန့်ဝေထားသည်။

 

နောင်ချိုမြို့နယ် ၊ သရက်ကုန်းရွာရှိ စစ်ကောင်စီတပ် စခန်းကို MDY-PDF က ဧပြီ ၁၅ ရက်နေ့တွင်  စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့​ပြီး စစ်ကာင်စီတပ်စား အလောင်း ၂၀ ကျော်နှင့် လက်နက် ၄၀ ကျော် သိမ်းဆည်း ရရှိထားသည်။

 

ဓာတ်ပုံ – MDY-PDF