မြဝတီ တံတား (၁) တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု ၊ BGF(KNA) အချို့မှ စစ်ရှောင်များအပေါ် အမြတ်ထုတ်မှုများ ရှိနေ

Author လင်းနွေဦး
Categories
Published on Apr 22, 2024

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် မြဝတီ-မဲဆောက် သို့ ကူးသန်းသွားလာနိုင်သည့် ၇ ရက် နှင့် ၁၄ ရက် သက်တမ်းရှိ တံတားကူးလက်မှတ် ခေါ် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များကို ယနေ့ ဧပြီ ၂၂ရက် မနက်ပိုင်းမှ စတင်ကာ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း မြဝတီ အမှတ် (၁) တံတားအနီးရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ယမန်နေ့ ဧပြီ ၂၁ ရက် မနက်ပိုင်းမှစတင်ကာ မြဝတီ အမှတ် (၁) တံတားမှ ယာယီဖြတ်သန်းခွင့် ရပ်ဆိုင်းခဲ့ပြီး မဲဆောက်မြို့မှ ပြန်လည်ဝင်ရောက်လာသူများကိုသာ လက်ခံကာ မြဝတီမြို့မှ မဲဆောက်မြို့သို့ သွားရောက်မည့် ပြည်သူများကို တံတားကူးလက်မှတ် (ယာယီနယ်စပ်ဖြတ်ကျော်ခွင့်) များ လုပ်ဆောင်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။

 

“မနေ့ကတော့ တံတားက တကယ်ကို ယာယီပိတ်လိုက်တာ။ ဘာလို့ဆို KNLA ပူးပေါင်းတပ်တွေက မနေ့ညပိုင်းကတည်းက အမှတ် (၂) တံတား နားကို ကပ်လာကြတော့ တံတား(၁) ကို ပိတ်ချပြီး ဖြတ်သန်းခွင့်တွေပါပိတ်ပလိုက်တာ။  တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတုန်းပဲ။ လေယာဉ်တွေ လည်းတောက်လျောက်လာတာ၊ ပစ်ခတ်သံတွေလည်းကြားရဆဲပဲ”ဟု အသက် ၃၀ အရွယ် မြဝတီဒေသခံတစ်ဦး က CJ Platform သို့ပြောသည်။

 

ထိုင်း-မြန်မာ ကုန်သွယ်ရေး တံတား(၂) အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်များ နှင့် ခလရ (၂၇၅) မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများအဖြစ် Y-12 အမျိုးအစား ရဟတ်ယာဉ်များ အသုံးပြုနေသဖြင့် တံတားအနီးဝန်းကျင်ရှိ ဒေသခံ ၂၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် မြဝတီမြို့ ဘက်ခြမ်းတွင်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေရသော ဒေသခံများလည်းရှိသည့်အပေါ်  ကရင်အမျိုးသားတပ် (ယခင် BGF) တပ်ဖွဲ့ဝင်အချို့ မှ အမြတ်ထုတ်မှုများ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

 

“ခုမြဝတီဘက်ခြမ်းက စစ်ရှောင်တွေလည်း စားရေးသောက်ရေး အဆင်ပြေသွားပေမဲ့ ချိုးရေ သုံးရေ အခက်အခဲ ဖြစ်နေကြတယ်။ ပိုက်ဆံလေးတတ်နိုင်တဲ့ သူတွေကြတော့ BGF ထိန်းချုပ်တဲ့ အင်ကြင်းမြိုင်ဘက် သွားရှောင်နေကြတယ်။ အဲ့မှာလည်း သူတို့(BGF)က တဲသာသာ အိမ်လေးတွေကို တစ်လ ၅ သောင်းနဲ့ ဌားတယ်။ ရေဖိုး တစ်နေ့ ၂ထောင် ပုံမှန်ပေးရတာမျိုး ရှိတယ်။”ဟု အသက် ၂၅ နှစ်အရွယ် မြဝတီ ဒေသခံ အမျိုးသားတစ်ဦးမှ CJ Platform သို့ပြောသည်။

 

ယခုလက်ရှိ သတင်းရေးသားနေသော အချိန်ထိ တိုက်ပွဲများ ပြီးဆုံးခြင်းမရှိသေးဘဲ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ၊ စစ်ကောင်စီလေကြောင်းမှ ရဟတ်ယာဉ်များဖြင့် ကင်းထောက်ခြင်း၊ ဗုံးကြဲချခြင်းများ ပြုလုပ်နေပြီး စစ်ရေးအခြေအနေတင်းမာလျက်ပင်ရှိကြောင်း  မြဝတီဒေသခံများနှင့်မြေပြင် KNLA အထူးတပ်ဖွဲ့ဝင်များ ပြောကြားချက်အရ သိရသသည်။