ပြည်မြို့ မှုခင်းရဲတပ်ဖွဲ့တန်းလျားတွင် ဗုံးရှစ်လုံးပေါက် ရဲတစ်ဦးသေ

Published on Feb 24, 2024

ပဲခူးတိုင်း ပြည်မြို့တွင် ဖေဖော်ဝါရီ (၂၃) ရက်နေ့ မနက် ၄နာရီခန့်တွင် ဗုံးရှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး  စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး သေဆုံးသွားကြောင်း PUGN ( pyay underground news)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပြည်မြို့ မြို့သစ်ရပ် ဘုရင့်နောင်လမ်းမကြီးလေး (ကညန)ရုံး အနောက်ဘက်ရှိ မှုခင်းရဲတပ်ဖွဲ့တန်းလျားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လေးလုံးမှာ အသံမိုင်းဖြစ်ကာ ကျန်လေးလုံးမှာ လက်လုပ်မိုင်းများဖြစ်ကြောင်း သိရသည်။

 

” လက်လုပ်နဲ့ အသံမိုင်းကို တွဲပြီး တပြိုင်တည်း ခွဲတာမျိုးပါဗျ၊ ဒါကြောင့် အသံမိုင်းသံ လေးခါပဲထွက်ပြီး အသံမိုင်းလိုဖြစ်နေတာ လော်ဘီချန်နယ်ဘက်ကလည်း အသံမိုင်းဆိုပြီးပဲ ဝါဒဖြန့်ထားပါတယ် “. ဟု PUGN ( pyay underground news)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရသူများကို ခုတင် ၁၀၀ စစ်ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် အသံပိတ်၍ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

“အဲ့နားမှာ တပ်ရင်းတစ်ရင်းစာ တပ်စွဲထားတာ တစ်ဦးသေပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရတယ်ဗျ၊ သေတဲ့သူက မှုခင်းရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးပါဗျ “ဟု ၎င်းမှ ဆက်ပြောသည်။

 

ပြည်မြို့တွင် ယခုကဲ့သို့ ပေါက်ကွဲမှုမျိုး မဖြစ်သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်သည် ပုံမှန်အားဖြင့် ယခုကဲ့သို့ ပေါက်ကွဲမှုပြီးတိုင်း အစစ်ဆေးကြမ်းသော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်မြို့လုံး အစစ်ဆေးမရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

 

ယင်းဖောက်ခွဲမှုကို ပြည်ခရိုင်တပ်ရင်း (၃၆၀၂) လက်အောက်ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့ ( Pyay Urban Force)မှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Related News

Depend on news