မီတာခတွေ ပိုတိုးကောက်ပေမယ့် ရန်ကုန်မှာ အလှည့်ကျ မီးဖြတ်တောက်မယ်
စစ်အုပ်စုဟာ မီတာခတွေ ပိုတိုးကောက်မယ်လို့ တရားဝင်ကြေညာပြီးနောက်မှာ ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီး ဖြတ်တောက်သွားမယ်လို့ အသိပေးလာပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ စတင်ပြီး ရန်ကုန်မြို့အတွင်းမှာ တစ်ရက်ကို ၄ နာရီကြာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းကတော့ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေမှုကို ရပ်ဆိုင်းပြီး တတ်နိုင်သမျှ အချိန်ပြည့်ဓာတ်အားဖြန့်ဖြူးရေးကို ဆောင်ရွက်ပေးနေတယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
“LNG သင်္ဘော ရန်ကုန်ကို ပြန်ရောက်လာတော့ နည်းနည်းမီးမှန်သွားတယ်။ ဒါလည်း လာလိုက်ပျက်လိုက်ပါပဲ။ အခု တစ်နေ့ကို ၄ နာရီပျက်မယ်ဆိုပြီးသာပြောတာ ဘယ်လောက်တောင် ဖြတ်ထားဦးမယ်မသိဘူး စောင့်ကြည့်ရမှာပဲ” လို့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ရှိတဲ့ စက်မှုဇုန်တွေကို LNG ဓာတ်ငွေ့စက်ရုံတွေကနေ လျှပ်စစ်မီးဖြန့်ဝေပေးမယ်လို့ ကြေညာထားပြီး မီတာခကိုလည်း တစ်ယူနစ်ကို ၉၀၀ ကျပ်နှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
