အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ပြီး “သက်ဆိုင်သူများ တွေ့ဆုံပွဲ” တစ်ရပ်ကို ကျင်းပခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်နေ့မှာ အတည်ပြုပြောကြားလာပါတယ်။
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ လာဇာရိုကဟာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အားလုံးက တက်ကြွစွာ ပါဝင်ကြဖို့နဲ့ အပြုသဘောဆောင်တဲ့ အမြင်ချင်းဖလှယ်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်”လို့ ရေးသားထားပါတယ်။
ဘယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ် ဘယ်သူတွေ ပါဝင်ခဲ့တယ်လို့ ဝန်ကြီး လာဇာရိုက အသေးစိတ်ထုတ်ဖော်ပြောတာမျိုး မရှိခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက တာဝန်ရှိသူအချို့ ပါဝင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းက စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးပို့နိုင်ဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့နဲ့ အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာစစ်အုပ်စုက အဆင့်လိုက်ရွေးကောက်ပွဲတွေကို ကျင်းပနေပေမယ့် အာဆီယံအဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောထားသလို၊ လေ့လာစောင့်ကြည့်သူတွေလည်း စေလွှတ်တာမျိုး မရှိပါဘူး။
အာဆီယံရဲ့ ငြိမ်းချမ်းရေးစီမံကိန်းဟာ အခုထိ မြေပြင်မှာ ထိရောက်မှုမရှိသေးဘဲ စစ်အုပ်စုဘက်ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
အခုတွေ့ဆုံပွဲဟာ လာမယ့်အပတ်ထဲ ဖိလစ်ပိုင်နိုင်ငံ ဆီဘူးကျွန်း (Cebu) မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင် တစ်ပတ်အလိုမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဓာတ်ပုံ – Freemalaysiatoday
