မဲနိုင်ရင် တစ်ရာဖိုး ကားသုံးစီး ရအောင်လုပ်ပေးမယ်လို့ ဒုဗိုလ်ချုပ်ကြီးသက်ပုံ က မဲဆွယ်

Published on Nov 22, 2025

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ စစ်တပ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလက ထွက်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုဗိုလ်ချုပ်ကြီး သက်ပုံက မဲနိုင်ရင် တစ်ရာဖိုး ကား သုံးစီးရအောင် လုပ်ပေးမယ်လို့ ဆိုပြီး စစ်ကိုင်းမြို့ခံတွေနဲ့ စည်းရုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကစပြီး မြို့ခံတွေ အပြင် စစ်ကိုင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာရောက်နေသူတွေကို စစ်အုပ်စုရဲ့ လုံခြုံရေးတွေနဲ့အတူ ဒုဗိုလ်ချုပ်ကြီး သက်ပုံက လိုက်လံ စည်းရုံးရေး ပြုလုပ်စဉ်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“တစ်နေ့ကပဲ ကျွန်တော်တို့ဆီ လာသွားသေးတယ်၊ ကြံ့ခိုင်ရေးကလာတာ၊ ဦးသက်ပုံပါပဲ။ သူက သူတို့နိုင်ရင် အရာရာ အဆင်ပြေစေရမယ်၊ ကားကို ၁၀၀ ဖိုး သုံးစီး ဖြစ်စေရမယ်’’ လို့ စစ်ကိုင်းမြို့ပေါ်ကို စစ်ရှောင်လာသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကိုင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီက နေ့စဉ် ရက်ဆက် မဲဆွယ် စည်းရုံးရေးတွေ ပြုလုပ်နေပြီး စစ်အုပ်စုရဲ့ မဲဆွယ် စည်းရုံးခွင့်ပြုတဲ့ အောက်တိုဘာ ၂၈ ရက်နေ့က စစ်အုပ်စုရဲ့  စစ်သားတွေက လုံခြုံရေး ရယူပေးကာ အသံချဲစက်များ၊ ကားများနဲ့ လှည့်လည်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် စစ်ကိုင်းမြို့ပေါ်မှာ တက္ကသိုလ် သွားတက်မယ့် ကျောင်းသား ကျောင်းသူတွေကိုလည်း ကြိုတင်မဲ ပေးရမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ရုံးတွေကို ခေါ်ယူကာ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့က ရပ်ကွက်ထဲ ကျောင်းသွားတက်မယ့်သူတွေကို သီးသန့် လိုက်ခေါ်ပြီး ရုံးကို လာဖို့ ခေါ်တယ်။ ရုံးရောက်တော့ ကြိုတင်မဲကို မဖြစ်မနေပေးရမယ်လို့ ပြောတယ်။ ကျောင်းသားအများစုကတော့ မဲပေးချင်စိတ် ဘယ်သူမှ မရှိကြဘူး” လို့ စစ်ကိုင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းက ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ် စည်းရုံးရေးတွေမှာ လက်တွေ့မကျတဲ့ ကတိကဝတ်တွေနဲ့ပါ မဲဆွယ်နေတာတွေရှိပြီး ဒုဗိုလ်ချုပ်ကြီး သက်ပုံကတော့ မြို့ခံ၊ ကျောင်းသားတွေ၊ စစ်ဘေးရှောင်ပြည်သူတွေကိုပါ ချဉ်းကပ်စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။

 

လက်ရှိမှာတော့ စစ်ကိုင်းမြို့နယ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ပြည်သူ့ပါတီ (PP) ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

 

စစ်ကိုင်းမြို့ပေါ်ရှိ လူစည်ကားရာနေရာတွေ၊ ဈေးတွေမှာ လက်ကမ်းစာစောင်တွေ ဝေကြတဲ့အပြင် မဲဆွယ် ဆိုင်းဘုတ်တွေပါ ထောင်ထားကြပေမဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့်  ကြံ့ခိုင်ရေးပါတီကလွဲပြီး ကျန်ပါတီတွေက အဖွဲ့လိုက် လိုက်လံစည်းရုံးမှုတွေ မရှိဘဲ နည်းစပ်ရာနေရာများမှာသာ လူစုပြီး မဲဆွယ်နေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ရွေးကောက်ပွဲအတွက် စစ်တပ်က ထွက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမယ့် ဒုဗိုလ်ချုပ်ကြီး သက်ပုံဟာ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ကနေဒါတို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူထားသူ ဖြစ်ပါတယ်။

 

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူအများစု စိတ်ဝင်စားမှု နည်းပါးနေပြီး ဆန္ဒပြမှုတွေကြောင့် စစ်အုပ်စုက ရွေးကောက်ပွဲ ဆန့်ကျင်သူ မည်သူမဆို ဖမ်းဆီး ထောင်ဒဏ်ချမှတ်နိုင်တဲ့ အထိ ဥပဒေတွေ ချမှတ်ထားပါတယ်။ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တွေမှာ ကျင်းပမယ်လို့လည်း ကြေညာထားပါတယ်။

 

စစ်အုပ်စုရဲ့ မဖြစ်မနေ ရွေးကောက်ပွဲ ပါဝင်ဖို့ အတင်းအကြပ် ထုတ်ပြန်ထားတဲ့ ဥပဒေကြောင့် ဖမ်းဆီးခံထားရသူ ၁၀၀ နီးပါးရှိနေပြီး ပြည်သူတွေက ရွေးကောက်ပွဲအကြောင်း ပြောရန်တောင် ကြောက်ရွံ့နေကြပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်