လာမယ့်ဒီဇင်ဘာမှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော
ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူလ်က အတိုက်အခံပါတီတွေ အနေနဲ့ သူ့အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တင်သွင်းလာပါက လွှတ်တော်ကို လာမယ့် ဒီဇင်ဘာလအစောပိုင်းမှာ ဖျက်သိမ်းဖို့ ရှိလာနိုင်တယ်လို့ သတိပေး ပြောဆိုလာပါတယ်။
ဒါဟာ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်လို့ ပြောဆိုထားပြီး ၂၀၂၆ ဇန်နဝါရီ ၃၁ ရက် လွှတ်တော် ဖျက်သိမ်းဖို့ စီစဉ်ထားချိန်မှာ ထိုင်းဝန်ကြီးချုပ်က အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။ အတိုက်အခံတွေ အနေနဲ့ ကနဦး စီစဉ်ထားတဲ့ အချိန်ထိ မစောင့်ဆိုင်းပါက လာမယ့် ဒီဇင်ဘာ ၁၂ ရက်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ သတိပေး ပြောဆိုလာတာပါ။
“အယုံအကြည်မရှိ အဆိုတင်သွင်းမှုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းအားလုံးကို ဖြေဆိုနိုင်ခဲ့ရင်တောင် မဲခွဲဆုံးဖြတ်ရာမှာ ကျွန်တော့တို့ လူနည်းစုအစိုးရအနေနဲ့ အနိုင်ရဖို့ အခြေအနေ မရှိနိုင်ပါဘူး” လို့ အနုထင်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အစိုးရက တာဝန်ယူထားတဲ့ စီမံကိန်းကို ဆက်လက် လုပ်ဆောင်နေပြီး ဒီအခြေအနေပေါ်မှာ စီမံကိန်းတွေကို ပြီးပြတ်အောင် မလုပ်ဆောင်တာ၊ အစိုးရအဖွဲ့ အလုပ်မလုပ်တာမျိုးတွေ စတဲ့ ပြစ်တင်ဝေဖန်တာမျိုးတွေ မလုပ်ဆောင်ဖို့ အနုထင်က ပြောဆိုခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် လာမယ့်နှစ်မှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီအခြေအနေကို ပိုမို ရှုပ်ထွေးအောင် မလုပ်ဆောင်ဖို့လည်း အနုထင်က ပြောကြားခဲ့ပါတယ်။
“အယုံအကြည်မရှိ အဆို တင်သွင်းရင် ကျွန်တော်တို့ ရှုံးနိမ့်မှာပါ။ လာမယ့် ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းပေးမယ်လို့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ သူတို့ (အတိုက်အခံကို ဆိုလို) အနေနဲ့ အဲဒီအချိန်ထိ မစောင့်နိုင်ဘူးဆိုရင် ကျွန်တော်ဘက်ကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ အဆင်သင့်ပါပဲ” လို့ အနုထင်က ပြောပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်မယ့်အရာတွေကို သူ့အနေနဲ့ ကြိုးစားမှာ မဟုတ်ဘဲ ပြည်သူတွေ အကျိုးရှိဖို့ကိုသာ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလာမယ့် ကာလအပိုင်းအခြားအတွင်း အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေကို ပြီးပြတ်အောင် ဆက်လက် လုပ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။
အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ အင်အားကြီး အတိုက်အခံပါတီအဖြစ် ရှိနေတဲ့ ပြည်သူ့ပါတီနဲ့ ဖြူထိုင်းပါတီတို့ရဲ့ ဖိအားပေးမှုတွေကို အနုထင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရင်ဆိုင် နေရပါတယ်။ ဒါ့အပြင် ညွန့်ပေါင်းအစိုးရအဖြစ်ရှိတဲ့ အနုထင်အစိုးရအဖွဲ့ဟာ လွှတ်တော်တွင်းမှာ အတိုက်အခံပါတီတွေဆီကနေ ထောက်ခံမဲ ရရှိဖို့ ခက်ခဲနေတာကြောင့် ဥပဒေပြုရေး ကိစ္စတွေမှာလည်း အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ – Bangkok Post
