တလုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ စကားအတိုင်း ကျေးဇူးသစ္စာစောင့်သိရမယ်လို့ စစ်ခေါင်းဆောင်က လူငယ်တွေကို လက်ဖက်ရည်တိုက်ပြီး စည်းရုံး

Author CJ Platform
Categories
Published on May 22, 2025

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ မေလ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်းက လူငယ်တွေကို လက်ဖက်ရည်တိုက်ပြီး တလုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ စကားအတိုင်း ကျေးဇူးသစ္စာစောင့်သိရမယ်လို့ စည်းရုံးပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် စစ်တပ်အနေနဲ့ စည်းလုံးညီညွတ်မှုရရှိစေရေးအတွက် ဗဟိုကွပ်ကဲအုပ်ချုပ်မှုနဲ့ နိုင်ငံကို ပြန်လည်စုစည်း တည်ဆောက်ခဲ့ရတာဖြစ်ပြီး ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူတွေကြောင့် တိုင်းပြည်အပိုင်းပိုင်းဖြတ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပြီလို့လည်း စစ်ခေါင်းဆောင်က သင်တန်းသား လူငယ်တွေကို ဝါဒဖြန့်ခဲ့ပါသေးတယ်။

 

“ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန် ဆိုသကဲ့သို ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများနဲ့ ကြုံတွေ့ခဲ့ရတယ် “ လို့ နိုင်ငံတဝန်းစစ်ရှုံးနေတဲ့ စစ်ကောင်စီခေါင်းဆောင်က ဒုတိယအကြိမ် ထပ်ပြောပါတယ်။

 

ဒီမြေမှာမွေး ဒီမြေမှာကြီးပြီး နိုင်ငံ့သမိုင်းကြောင်းကို ကောင်းစွာ နားလည်ထားရမှာဖြစ်ပြီး တိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေကာ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်တွေနဲ့ အားကိုးရတဲ့ လူငယ်တွေဖြစ်အောင် ကြိုးစားဖို့ကိုလည်း တန်းမြင့်ရေကြောင်းလူငယ်သင်တန်းသားတွေကို ပြောခဲ့ပါတယ်။

 

လူရယ်လို့ ဖြစ်လာပါက မိတ်ဆွေကောင်း ရှိဖို့လိုအပ်ပြီး နားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ပါက စေတနာနဲ့ ဝေဖန်ထောက်ပြကာ အနာဂတ်ဘဝကို ဖြောင့်တန်းအောင် လျှောက်လှမ်းရမယ်လို့ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အဦတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က ဆုံးမပါတယ်။

 

နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေနဲ့ပတ်သတ်ပြီး အရှိအတိုင်းရပ်တည်ပေးတဲ့ နိုင်ငံတွေဟာ နိုင်ငံတော်ရဲ့ မိတ်ဆွေကောင်းများဖြစ်တယ်လို့ တရုတ်နိုင်ငံအားကိုးနဲ့ လားရှိုးမြို့ကို ပြန်တောင်းယူခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်က ဝါဒဖြန့်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ မတိုင်မီကာလမှာ ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှုတွေ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုတွေကို မဖြစ်ရအောင် လုပ်ဆောင်နေတယ်လို့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး ထိန်းချုပ်ရာနယ်မြေတွေက လူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ကောင်စီတပ် ခေါင်းဆောင်က ဆိုပါတယ်။

 

စစ်ကောင်စီက အာဏာသိမ်းပြီး ပြည်သူတွေလိုလားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ငြိမ်အေးချမ်းစွာ ကူးပြောင်းနိုင်ဖို့ ဆောင်ရွက်နေတာကြောင့် နိုင်ငံသားတွေအနေနဲ့ ကျေးဇူးကို အသိအမှတ်ပြုနိုင်မှသာ လူပီသပြီး လူ့အဖွဲအစည်းက အသိအမှတ်ပြုခံရတဲ့ လူသားတွေဖြစ်လာကြမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

အဲဒီတွေ့ဆုံပွဲအတွင်း စစ်ခေါင်းဆောင်က သင်တန်းသားတွေကို စစ်ကောင်စီတပ်က ထုတ်လုပ်ထားတဲ့ လက်နက်တွေ၊ ဝတ်စုံတွေ၊ ဆက်သွယ်ရေးစက်ပစ္စည်းတွေ၊ ရေတပ်အသုံးဆောင်တွေအပြင် နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ လေယာဉ်ပုံစံငယ်တွေကို ပြသခဲ့တဲ့အပြင် လေသူရဲတွေ ဝတ်ဆင်တဲ့ ဝတ်စုံနဲ့ အသုံးအဆောင်တွေကို လက်ဖက်ရည်တိုက်ကာ ပြသခဲ့ပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

Related News

Depend on news