ဘုန်းတော်ကြီးများဆွမ်းစားနေချိန် စစ်ကောင်စီဗုံးကြဲလို့  ကိုရင်တစ်ပါးပျံလွန်ခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Apr 22, 2025

မွန်ပြည် ဘီးလင်းမြို့နယ် ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ မင်းစောကျေးရွာရှိ ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ဘုန်းကြီးများဆွမ်းစားနေချိန် မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင်တစ်ပါးပျံလွန်ခဲ့တဲ့အပြင် အမျိုးသမီးကြီးနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းစောကျေးရွာ ဘုန်းတော်ကြီး ကျောင်းကို ဘုန်းတော်ကြီးများနဲ့ ကိုရင်တွေဆွမ်းစား ချိန်မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆွမ်းကပ်လှူဒါန်းသူ အရပ်သားများပါ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မင်းစောကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်တည့်တည့်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကိုရင်ပျံလွန်တော်မူတဲ့အပြင် ဉူးဇင်း နှစ်ပါးနဲ့ ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဆွမ်းကပ်လှူနေသော ကျောင်း ဒါယိကာမ နှစ်ဦး သေဆုံးခဲ့ပြီး ကျောင်းဒါယိကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရိပါတယ်။

 

ပျံလွန်ခဲ့တဲ့ ကိုရင်ငယ်မှာ အရှင် ကေလာသဖြစ်ပြီး ဉူးဥတ္တရ၊ ဥူးကိတ္တိ နဲ့ ကိုရင်ကြီး အရှင်မာနိတ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူ ကျောင်းဒါယိကာမကြီး နှစ်ဦးမှာ နော်လှမြင့် (၆၅) နှစ်နဲ့ နော်မဝဲ (၆၀) နှစ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် စောမောင်ရွှေ (၇၀) နှစ်၊ စောမောင်ဂွတို (၆၂) နှစ်၊ စောကျော်ကေ့ (၄၄) နှစ်၊ စောမောင်နူ (၂၈) နှစ်၊ နော်မမိုး (၂၇) နှစ်နဲ့ နော်မုကို့ (၂၆) နှစ်တို့ လည်း ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီက အင်အားပြင်းငလျင်ဒဏ်ကြောင့် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်အထိ ရက် ၂၀ ကြာ အပစ်ရပ်တယ်လို့ ထုတ်ပြန်ထားပေမဲ့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေးကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လျက်ရှိပါတယ်။

 

ဓာတ်ပုံ – KNU