စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေချိန် ငလျင်ကြောင့် ရွေးကော်ဝန်ထမ်း ၁၈၀ ဦး နေစရာမဲ့နေ

စစ်ကောင်စီဟာ လာမဲ့ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပေမဲ့ ရွေးကောက်ပွဲကို အဓိက ကြီးကြပ်ရမဲ့ ရွေးကော်ဝန်ထမ်း ၁၈၀ ဦးဟာ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေစရာ အိမ်ယာမရှိဘဲ ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုဦးဆောင်တဲ့ အဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ထိန်းသိမ်းဧရိယာအတွင်းမှာ နေထိုင်နေရတဲ့ ငလျင်ဒဏ်သင့် ဝန်ထမ်း အိမ်ထောင်သည် ၁၀၈ဦးနဲ့ မိသားစုဝင် ၁၅၂ဦး ၊ လူပျို/အပျို ၇၂ဦး စုစုပေါင်း ဝန်ထမ်း ၁၈၀ဦးအတွက် ယာယီနေထိုင်ဖို့ အရေးပေါ် ယာယီဘာရှာ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် သွားရောက် ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ ဒီကနေ့ ဧပြီ ၂၂ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာတွေ ပျက်စီးခဲ့ပြီးနောက် ရွေးကော်ဝန်ထမ်း ၁၈၀ဟာ ဒီကနေ့အချိန်ထိ ယာယီမိုးကာတဲတွေမှာ နေထိုင်နေရပြီး စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအတွက် လုပ်ဆောင်နေကြရပါတယ်။
နေပြည်တော်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွေဟာ ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့တာကြောင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူနိုင်ဖို့ကို ရန်ကုန်တိုင်းလွှတ်တော်နေရာမှာ ကျင်းပသွားမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဓာတ်ပုံ- pro-SAC
ပုံစာ – ရွေးကော်ဝန်ထမ်းတွေအတွက် ယာယီအိမ်ယာ ဆောက်လုပ်ပေးမည့် နေရာကို မြင်ရပုံ