ငလျင်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ အဖြေလွှာတွေအတွက် စာမေးပွဲ ပြန်ဖြေရမယ်

Author CJ Platform
Categories
Published on Apr 22, 2025

စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် စာစစ်ဌာနမှာ သိမ်းဆည်းထားတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တာကြောင့် စာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 

ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ စစ်ဆေးခဲ့တဲ့ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာတွေကို မန္တလေးတက္ကသိုလ် စာစစ်ဌာနမှာ စစ်ဆေးနေချိန် မတ်လ ၂၈ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အဖြေလွှာတွေ ပျက်စီးခဲ့ရခြင်းကို အစားထိုးစာမေးပွဲအဖြစ် ဇွန် ၁၆ရက်နေ့မှာ ပြန်လည်စာမေးပွဲကျင်းပသွားမယ်လို့ စစ်ကောင်စီက ဒီကနေ့ထုတ် သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

 

“ငလျင်ကြောင့် နေစရာ စားစရာတောင် မရှိတော့တာ၊ ဆုံးတဲ့ ကလေးတွေလည်း ဆုံးနဲ့၊ စာမေးပွဲပြန်ဖြေရမယ်ဆိုတာ လုပ်ပုံမဟုတ်ဘူး”လို့ စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ငလျင်ကြောင့် စာသင်ကျောင်းအချို့မှာ ပျက်စီးခဲ့ရခြင်းကြောင့် စာစစ်ဌာနနေရာအချို့ကိုပါ စစ်ကောင်စီက ပြောင်းလဲထားပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးရာ ဒေသတွေမှာ ရှိတဲ့ အထက (မင်းကင်း)၊ အထက် (ပန်ဆက်) ၊ အထက(၁) တမူး၊ အထက(၂) ရွှေဘို၊ အထက(၁) ရေဦး၊ အထက (ဗန်းမောက်) ၊ အထက (ဝန်းသို)၊ အထက (မော်လိုက်)၊ အထက (ကင်းတပ်) ၊ အထက (အရာတော်) စာစစ်ဌာနတွေမှာ ဖြေဆိုခဲ့သူတွေ အနေနဲ့ ပြန်လည် ဖြေဆိုစရာ မလိုဘူးလို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

 

ပြန်လည် ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားတွေကို သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးတွေဆီကနေ ဇွန်လ ၁ရက်နေ့မှာ စတင်ပြီး ထုတ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးစီးခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားများကို မြင်ရပုံ (ပုံဟောင်း)