ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်

ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေမှာ ဒီနှစ်ထဲ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခြေခံစားသောက်ကုန်တွေ ပုံမှန်မဝင်ရောက်လာတာနဲ့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေအတွက် အခက်အခဲဖြစ်ရတဲ့အပြင် ကျေးရွာတွေမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တွေအတွက်လည်း အခက်အခဲဖြစ်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ကုန်ဈေးနှုန်းတွေက တစ်ခါနဲ့တစ်ခါ မတူဘူး။ ကျတာမရှိပဲ တက်တာပဲရှိတယ်။ ရွာမှာဈေးရောင်းတဲ့သူတွေရော ဈေးဝယ်တဲ့သူတွေရော အကုန်လုံး အခက်အခဲဖြစ်နေကြတာ” လို့ လို့ ဒေသခံ ဆိုက်ကယ်ကယ်ရီသမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဝယ်ချင်းတိုင်းဝယ်လိုမရသလို ကုန်ပစ္စည်းတွေ အမြဲပြတ်လပ်နေတာကြောင့် ကြိုတင်မှာထားပြီး ဝယ်ယူနေရတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်ကြမ်း တစ်အိတ်ကို ရှစ်သောင်း ကျပ် ကနေ တစ်သိန်းသုံးသောင်း ကျပ်၊ စားဆီ တစ်လီတာကို တစ်သောင်းနှစ်ထောင် ကျပ်၊ ဆား တစ်ပိဿာကို နှစ်ထောင်ကျပ် ဈေးရှိနေပါတယ်။
ဒါ့အပြင် ကြက်သွန်နီ တစ်ပိသာကို နှစ်သောင်းကျပ်၊ ကြက်သွန်ဖြူတစ်ပိသာကို နှစ်သောင်းခွဲကျပ်ခန့်ရှိနေပြီး ကော်ဖီမစ် အထုတ်သေးတစ်ထုပ်ကို တစ်ထောင်ကျပ်ဈေး ရှိနေတယ်လို့ သိရပါတယ်။
စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ဓတ်ဆီ တစ်လီတာကို ရှစ်ထောင်ကျပ်ကနေ တစ်သောင်းနှစ်ထောင်ကျပ်အထိ ပေးဝယ်ရကာ လိုသလိုဝယ်ယူလို့ မရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“ရှေ့ဆက်ပြီးတော့လည်း အခက်အခဲတွေ ကြုံတွေ့နေရအုံးမှာပဲ။ ဘာစီးပွားရေးမှလည်း လုပ်လို့မရ၊ ဘာဝင်ငွေမှလည်းမရှိ၊ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြပ်တည်းလာတယ်” လို့ ဒေသခံအမျိုးသမီး တစ်ဦးက CJ Platform ကို ပြောပါတယ်။
ပလက်ဝမြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း မရှိတော့တာကြောင့် နိုင်ငံခြားကိုရောက်နေတဲ့ သားသမီးတွေဆီကလည်း ဘာအထောက်အပံ့မှမရဘူးလို့ သူမကပြောပါတယ်။
လက်ရှိမှာ ပလက်ဝမြို့နယ်အတွင်း အခြေခံစားသောက်ကုန်တွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မကွေးတိုင်းဘက်ကနေ အဓိကဝင်ရောက်လာတာဖြစ်ပြီး လမ်းခရီးကြန့်ကြာတာတွေ၊ ဂိတ်ကြေးပေးဆောင်ရတာတွေ၊ စက်သုံးဆီးဈေးမြင့်တက်တာတွေ ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရတာဖြစ်ပြီး လူမှုစီးပွားဘဝကြပ်တည်းခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – ဂျိမ်း(စ်)
ပုံစာ – ပလက်ဝမြို့နယ် ကျေးရွာတစ်ရွာမှ ဈေးဆိုင်ကိုတွေ့ရစဉ်