ချင်းကျန်းမာရေးအဖွဲ့က ကျန်းမာရေးအထောက်အပံ့မရသေးတဲ့ နေရာတွေက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေး

ချင်းကျန်းမာရေးအဖွဲ့ Chin Health Organization (CHO) က ကျန်းမာရေးအထောက်အပံ့မရတဲ့ ချင်းပြည်တွင်းက ဒေသတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးနေရာမှာ ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေကို အခုမတ်လ ဒုတိယအပတ်ကစတင်ကာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးလိုက်လံ ထိုးပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွာပေါင်း ၆၅ ရွာမှာရှိတဲ့ မွေးကင်းစအရွယ်ကနေ ငါးနှစ်အထိ ကလေးငယ်တွေကို လိုအပ်သလို ကာကွယ်ဆေးတွေထိုးနှံတာ တိုက်ကျွေးတာမျိုးတွေ ပြုလုပ်ပေးနေပြီး ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း ပထမဦးဆုံးအကြိမ် TT ကာကွယ်ဆေး (TT ဆေးကို မမွေးခင် ၂ ကြိမ်ထိုးရတယ်) ကို ရွာစဉ်အလိုက် ထိုးပေးနေတယ်လို့ သိရတယ်။
“ အခုလိုကြားကာလမှာ အခက်အခဲတွေအများကြီးကြားက ကျန်းမာရေး စောင့်ရှောက်မှုတွေပေးရတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့လိုပါတယ်” လို့ Chin Health Organization (CHO) တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ကာကွယ်ဆေး၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဟေမိုဖီးလပ်စ် ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ စတဲ့ကာကွယ်ဆေးတွေကို ထိုးနှံတိုက်ကျွေးနေတာလို့ သိရပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အာဟာရနဲ့ လက်မောင်းအပတ် တိုင်းတာတာတွေ၊ အာဟာရပြတ်တောက်တဲ့ကလေးတွေကို အာဟာရအစားအစာ တိုက်ကျွေးတာတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို သံဓါတ်အားဆေးပေးဝေတာတို့ စတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီဘက်မှာ အခုလိုကျန်းမာရေးအထောက်အပံ့ မရတာကြာပြီ။ အခုလို လာရောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
ရှေ့ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ၊ အထောက်အပံ့တွေ အများကြီးလိုအပ်နေပါသေးတယ် လို့လည်း သူမက ဆက်ပြောပါတယ်။
Chin Health Organization (CHO) က မိုဘိုင်းရွေ့လျားဆေးခန်းတွေ ဖွင့်လှစ်ပြီးတော့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ရင်ကြပ်စတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အားလုံးအပါအဝင် ငှက်ဖျားရောဂါကုသပေးတာတွေ၊ ကျေးရွာအလိုက် ကျေးရွာလူထုတွေကို ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွေလည်း ပြုလုပ်ပေးတယ်လို့ စုံစမ်းသိရရှိပါတယ်။
ကျေးရွာတွေမှာ ကာကွယ်ဆေးထိုးဖို့အတွက် စုရပ်နေရာ၊ နေ့ရက်နဲ့အချိန်ကို ကြိုတင်သတ်မှတ်ခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာနိုင်တဲ့ ကလေးငယ်တွေနဲ့ မိခင်တွေရှိတဲ့အပြင် ရောက်ရှိလာပြီး ကာကွယ်ဆေးမထိုးပဲ ပြန်သွားတဲ့သူတွေကိုလည်း CHO ဝန်ထမ်း တွေက အတတ်နိုင်ဆုံး အိမ်အရောက် ကာကွယ်ဆေးတွေထိုးပေးခဲ့ CHO တာဝန်ရှိသူကပြောပါတယ်။
ကာကွယ်ဆေးတွေ ထိုးကျွေးဖို့ကျန်ရှိနေသေးတဲ့ ကျေးရွာတွေနဲ့ ကျန်နေသေးတဲ့သူတွေကိုလည်း ဆက်လက်ပြီး ထိုးပေးသွားမှာဖြစ်ပြီး ကျေးရွာရွာ ၆၅ ရွာမှာ ရှိတဲ့ကလေးသူငယ်တွေ အားလုံးနီးပါး ထိုးနှံပြီးဖြစ်လို့ ရာခိုင်နှုန်းအနေဖြင့် ပြည့်မီအောင် ထိုးနှံနိုင်ခဲ့ကြတယ်လို့ CHO အဖွဲ့အစည်းက ကျန်းမာရေးတာဝန်ခံက ဆိုပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ အာဏာမသိမ်းမီ ကာလကတည်းက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအထောက်အပံ့တွေ လိုအပ်မှုတွေ အားနည်းမှုတွေနဲ့ လက်လှမ်းမမီနိုင်ဖြစ်ခဲ့ရတဲ့ ဒေသဖြစ်ပြီး ဒေသတွင်း တိုက်ပွဲပြင်းထန်လာတဲ့နောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေပြတ်တောက် သွားခဲ့ရပြီး ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုမရှိသလောက်ဖြစ်ခဲ့ရတယ်လို့ သိရတယ်။
ဂျိမ်း(စ်)
ဓာတ်ပုံ – ပေးပို့
ပုံစာ – ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနေပုံနှင့် ကျန်မာရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်နေပုံ။