NLD အစိုးရလက်ထက်က ဆိုင်းငံ့ထားတဲ့ စိုက်ဘဏ်ချေးငွေတွေ စစ်ကောင်စီ ပြန်ဆပ်ခိုင်းနေ

Author CJ Platform
Categories
Published on Mar 22, 2025

အမျိုးသားဒီမိုကရေကစီအဖွဲ့ချုုပ် အစိုးရလက်ထက်က ဆိုင်းငံ့ထားတဲ့ စိုက်ဘဏ်ချေးငွေတွေကို စစ်ကောင်စီက အခုလကုန်နောက်ဆုံးထား ပြန်ဆပ်ဖို့ ဖိအားပေးတောင်းခံနေတယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီ လယ်ယာစိုက်ပျိုးရေးဘဏ်ကနေ ချေးငွေ အရင်းအပြင် အတိုး နဲ့ ဒဏ်ကြေးပါ တောင်းခံတာဖြစ်ပြီး ဖေဖော်ဝါရီလ တစ်ဖြတ်ပေးဆောင်ခိုင်းခဲ့ပြီး မတ်လမှာတော့ အပြီးအပြတ်ပေးဆောင်ရဖို့ ဖိအားပေးတောင်းခံနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်၊

 

“ ၃ လပိုင်းနောက်ဆုံးထားဆပ်ရမယ်။ မဆပ်ရင် တရားစွဲမယ် ထောင်ကျမယ်ဆိုပြီး ဖိအားပေး ထားတာ။ တချို့ဆို အပြင်ကနေ အတိုးနဲ့ချေးပြီး ပြန်ဆပ်နေရတယ်” လို့ ပန်းတနော်မြို့နယ်က လယ်သူမတစ်ဦး CJ Platform ကိုပြောပါတယ်။

 

ပန်းတနော်မြို့နယ်ထဲမှာတော့ လယ်သမားတစ်ဦးကို အနည်းဆုံး ကျပ်သိန်း ၅၀ ခန့် ပြန်ဆပ်နေရတာ ဖြစ်ပြီး လယ်ဧက များရင်များသလို ပိုတိုးပြီးဆပ်နေရတယ်လို့ သူမ ဆက်ပြောပါတယ်။

 

အခုနှစ်အတွင်း စပါးတွေ ပျက်စီးတာအပြင် စပါးဈေးလည်း မကောင်းတာကြောင့် အရှုံးပေါ်နေတဲ့ကြားက ချေးငွေယူခဲ့သူလယ်သမားတွေက ထောင်မကျစေရေး အပြင်ကနေ အတိုးကြီးကြီးနဲ့ ငွေပြန်ချေးပြီး ဆပ်နေရလို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဧရာဝတီတိုင်းအတွင်း လယ်သမားအများစုမှာ အပိုငွေရရှိစေဖို့ ကွမ်းစိုက်ပျိုးထားတာမျိုးရှိပြီး ကွမ်းဈေးနှုန်းလည်း အဆမတန်ကျဆင်းနေသလို စပါးဈေးနှုန်းလည်း ကျဆင်းနေတာကြောင့် အရှုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

“တောင်သူရောင်းတာ တက်တာဘာများရှိလို့လဲ၊ အကုန်ကျနေတာ။ လယ်သမားတွေက ဒုက္ခပေါ်ဒုက္ခဆင့်၊ စပါးကရှုံးနဲ့ ကျွန်မတို့တွေလဲ မလွယ်ပါဘူး” လို့ စပါးနဲ့ ကွမ်းစိုက်ပျိုးတဲ့ တောင်သူအမျိုးသမီးတစ်ဦးက ညီးတွားပါတယ်။

 

စစ်ကာင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးချိန်ကစလို့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်နေတယ်ဆိုတာကို သူ့ရဲ့မိန့်ခွန်းထဲ အတွင်တွင်ပြောနေပေမဲ့ လက်ရှိလယ်သမားတွေ အနေနဲ့ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

 

ပြည်သူတွေရဲ့ နေ့စဉ်စားနပ်ရိက္ခာအတွက် တာဝန်ယူ ထုတ်လုပ်ပေးလျက် ရှိကြတဲ့ လယ်ယာစီးပွား လုပ်ငန်းရှင် တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့ တောင်သူလယ်သမားနေ့မှာပေးပို့တဲ့ သူရဲ့ မိန့်ခွန်းထဲ ထည့်ပြောထားပါတယ်။