“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ)

Published on Dec 22, 2024

“လှုပ်လှုပ်ခပ်ခပ်ဖြစ်ခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေး”

 

ဒီတစ်ပတ်ထဲ နိုင်ငံခြားငွေကြေးဈေးကွက်ထဲ ငွေလဲနှုန်းတွေ နေ့စဉ်အတက်အကျဖြစ်ပေါ်ခဲ့ပြီး လှုပ်လှုပ်ခပ်ခပ်ရှိခဲ့တာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီဇင်ဘာ ၁၇၊ ၁၈၊ ၁၉ သုံးရက်ဆက် အဓိကသုံးစွဲတဲ့ နိုင်ငံခြားသုံးမျိုး သန်းနဲ့ချီထုတ်ရောင်းပေးခဲ့တယ်လို့ အဲဒီဘဏ်ရဲ့ကြေညာချက်တွေအရ သိရပါတယ်။

 

ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၇ ကျပ်နှုန်းနဲ့ ဒေါ်လာ တစ်သိန်းခွဲကျော်၊ ထိုင်းတစ်ဘတ် ၁၂၉ ဒသမ ၅၀ ကျပ်နှုန်းနဲ့ ဘတ် ရှစ်သိန်းကျော်ရောင်းချပေးခဲ့ပါတယ်။

 

ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၇ ကျပ်နှုန်းနဲ့ သန်း ၃၀ ၊ ထိုင်းတစ်ဘတ် ၁၂၉ ဒသမ ၅၀ ကျပ်နှုန်းနဲ့ ဘတ် ၂ ဒသမ ၁ သန်းကျော်ရောင်းချပေးခဲ့ပါတယ်။

 

ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။ အဲဒီနေ့မှာ တရုတ်တစ်ယွမ် ၅၃၆ ဒသမ ၈၀ ကျပ်နှုန်းနဲ့ ယွမ် ၁ ဒသမ ၃၆ သန်းကျော်၊ ထိုင်းတစ်ဘတ် ၁၂၉ ဒသမ ၅၀ ကျပ်နှုန်းနဲ့ ဘတ် ၂ ဒသမ ၄၈ သန်းကျော်ရောင်းချပေးခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ အမေရိကန်ဒေါ်လာဈေးက မကျဘဲ တစ်ဒေါ်လာကို ၃၀ ကျပ်တက်ပြီး ထိုင်းဘတ်ကတော့ ဒီတစ်ပတ် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တစ်ဘတ် ၁၃၀ ကျော်ကျခဲ့ပေမဲ့ စနေနေ့မှာတော့ ပြီးခဲ့တဲ့အပတ်တွေက ဈေးနှုန်းဖြစ်တဲ့ တစ်ဘတ် ၁၃၁ ဒသမ ၅၈ ကျပ်နဲ့ ပြန်ပိတ်သွားတာတွေ့ရပါတယ်။

 

ဆက်တိုက်ကျဆင်းနေတဲ့ စင်ကာပူတစ်ဒေါ်လာကို ၂၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀ ကျပ်နဲ့ တရုတ်တစ်ယွမ် နှစ်ကျပ် ဆက်ကျသလို တစ်ယန်းကို ၃၀ ကျပ်နီးပါးမှာ တန့်နေတဲ့ ဂျပန်ယမ်းဈေးတွေလည်း ၂၈ ကျပ်အထိကျဆင်းလာပါတယ်။

 

စနေနေ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၃၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၁ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၈ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၉၉၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၅ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ခန့်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price