မင်းတပ်က နောက်ဆုံးတပ် ခလရ-၂၇၄ ကို ချင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်လို့ မြို့သိမ်းနိုင်ပြီလို့ဆို

Author ဆလိုင်း
Categories
Published on Dec 22, 2024

ချင်းပြည်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်၊ မနက် ၃ နာရီခန့်မှာ သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ CJ Platform ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ချင်းညီနောင်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ခလရ-၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရရှိသွားတဲ့အတွက် မင်းတပ်မြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

“အရာရှိကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာတွေရှိတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်ပါလိမ့်မယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

မင်းတပ်က ခလရ-၂၇၄ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့နယ်ထဲမှာ ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာအထူးဂရုစိုက်ဖို့နဲ့ ထူးခြားတာတွေရှိရင် သတင်းပို့ပေးဖို့ ချင်းညီနောင်ဘက်က တိုက်တွန်းထားပါတယ်။

 

မင်းတပ်မြို့သိမ်းပိုက်ရရှိတာနဲ့ပတ်သက်လို့ မကြာမီ အသေးစိတ်ထုတ်ပြန်ဖို့ရှိတယ်လို့ ချင်းညီနောင်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အသေးစိတ်အကြောင်းအရာတွေကို ပြောဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ဒီကနေ့ မနက် ၁၁ နာရီခန့်ကစတင်ပြီး တစ်နာရီခန့်အကြာထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ သိရပါတယ်။

 

“မြို့ထဲကို ၁၀ လုံးတွဲ၊ ၅ လုံးတွဲ၊ ၃ လုံးတွဲ ဗုံးသီးတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာပါ။ ဗုံးမကြဲမီက မီးကျည်ပစ်တယ်” လို့ အသက် ၃၀ နှစ်အရွယ် မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ည​နေ ၃ နာရီဝန်းကျင်ကလည်း မင်းတပ်မြို့တွင်းတစ်နေရာကို ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းကနေကြဲချတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

 

မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက်ပေါင်း ၄၀ ကျော်အကြာမှာ မင်းတပ်မြို့ကို သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းညီနောင်အဖွဲ့ဆီ လက်နက်ချအလင်းဝင်လာခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ဖလမ်းမြို့ပေါ်ကိုလည်း ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ခလရ-၂၆၈ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က CJ Platform ကို ပြောပါတယ်။

 

ချင်းပြည်က မင်းတပ်မြို့အပါအဝင် မတူပီ၊ ကျင်ဒွေး စတဲ့မြို့တို့ကို ချင်းညီနောင်အဖွဲ့က ဒီနှစ် ၂၀၂၄ မှာ သိမ်းပိုက်ရရှိထားပါတယ်။

 

တွန်းဇံ၊ ရေဇွာ၊ ကျီးခါး၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ နှာဟရိန်း၊ ရီခေါဒါရ် စတဲ့မြို့တွေကို ချင်းလဲန်းကောင်စီ(CC)လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး ပလက်ဝနဲ့ ဆမီးမြို့တွေကိုတော့ AA က သိမ်းပိုက်ရရှိထားပါတယ်။

 

ဟားခါးနဲ့ ထန်တလန်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ တစ်နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

 

ချင်းပြည်မှာ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ တီးတိန်၊ ခိုင်ကမ်း စတဲ့မြို့တွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်

 

ပုံစာ – ဖလမ်းနဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲတွင်း လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်နက်ခဲယမ်းတွေကို တွေ့မြင်ရစဥ်