ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၁၅ ရက်နေ့မှ မှ ၂၁ ရက်အထိ)

Author ရှိုး
Categories
Published on Dec 22, 2024

ဒီတစ်ပတ် (ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ) အမေရိကန် သံအဖွဲ့ ဆီးရီးယားကို ရောက်တဲ့ သတင်းအပါအဝင်  ၁၀ နှစ်ကျော်ကြာတဲ့အထိ အစအနရှာမရတဲ့ မလေးရှားလေယာဉ်ကို ပြန်ရှာမယ့် သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းအရေး ပူတင်အဖြေရှာမယ့်သတင်း၊ ကမ္ဘာ့နိုင်ငံတချို့မှာ တရုတ်ရဲစခန်းတွေ လျှို့ဝှက်ဖွင့်ထားတဲ့ သတင်းနဲ့ ဟူသီသူပုန်တွေနဲ့ အစ္စရေးတို့ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်နေတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“ကန်သံအဖွဲ့ ဆီးရီးယားဘက် ခြေဆန့်”

 

ဆီးရီးယားသမ္မတ အာဆတ် နိုင်ငံကနေ ထွက်ပြေးသွားတဲ့နောက် အမေရိကန်ပြည်ထောင်စုဟာ ဆီးရီးယားနိုင်ငံနဲ့ ဆက်ဆံရေးအတွက် စိတ်ဝင်တစား ပြန်ဖြစ်လာပါတယ်။ အမေရိကန် သံအဖွဲ့ဟာ ဆီးရီးယားနိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင်သစ်တွေနဲ့ မြို့တော် ဒမစကတ်စ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ အာဆတ်အစိုးရ ပြုတ်ကျသွားတဲ့နောက်ပိုင်း ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။

 

အဲဒီ အမေရိကန်သံအဖွဲ့ဟာ ဆီးရီးယား HTS ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဆုံတဲ့အချိန် အမေရိကန်သတင်းထောက် Austin Tice နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ကိုလည်း ကြိုးစားခဲ့ကြပါတယ်။ ကန်သတင်းထောက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဆီးရီးယားတို့ လက်ထဲ ရောက်ရှိသွားခဲ့ပြီးနောက် သူနဲ့ ပတ်သက်တဲ့ သတင်းအစအန ပျောက်နေတာဖြစ်ပါတယ်။

 

အမေရိကန်ဟာ လက်ရှိ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ သံတမန်ကိစ္စ ပူးပေါင်းရေးတွေကို အားစိုက်လာနေတာကို တွေ့မြင်ရပြီး အရင် သူတို့ ဒေါ်လာ ၁၀ သန်း ဆုကြေးငွေထုတ်ပြီး ဖမ်းဆီးဖို့ လုပ်ထားတဲ့ အခု ဆီးရီးယား HTS ခေါင်းဆောင် Ahmad al-Sharaa ကိုတောင် အဲဒီစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပြီဖြစ်တယ်လို့ သောကြာနေ့မှာ အသိပေးပါတယ်။ ဒါဟာ သူတို့ တွေ့ဆုံမှုတွေအပြီး ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

 

ပြင်သစ်နဲ့ ဗြိတိန်လို အနောက်နိုင်ငံကြီးတွေကလည်း ဆီးရီးယားဘက်ကို ခြေဆန့်နေပြီး အနာဂတ် ဆီးရီးယားနိုင်ငံရဲ့ လျှောက်လမ်းတွေမှာ ပါဝင်ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံအတွင်း ပျောက်ဆုံးနေပြီး သတင်းအစအန ရှာမရတဲ့ လူတွေကို ရှာဖွေစုံစမ်းနိုင်ဖို့ ကုလသမဂ္ဂဘက်က IIMP ဆိုတဲ့ စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဆီးရီးယား လူ့အခွင့်အခွင့်အရေး အဖွဲ့တွေရဲ့ အသိပေးချက်အရ  ဆီးရီးယား ပြည်တွင်းစစ် စတဲ့ ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ကနေ ၂၀၂၄ ဩဂုတ်အထိ ပျောက်ဆုံးနေသူ အနည်းဆုံး ၁၆၀,၀၀၀ နီးပါး ရှိနေတယ်လို့ အသိပေးထားပါတယ်။

 

“MH370  ရှာပုံတော်”

 

လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားတဲ့ ဘိုရင်း 777 အမျိုးအစား MH370 လေယာဉ်ကို ပြန်ရှာဖို့ မလေးရှားအစိုးရက မူအားဖြင့် အတည်ပြုလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာတစ်ဝန်း အံ့အားသင့်ခဲ့ရတဲ့ ဒီလေယာဉ်ပျောက်ဆုံးမှုဟာ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုလည်းအဖြစ် ပြောစမတ်တွင်ခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်လှပြီး အခုထိ အဖြေရှာမရတဲ့ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ရှာဖွေဖို့ အမေရိကန်အခြေစိုက် Ocean Infinity ကုမ္ပဏီက တာဝန်ယူသွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

 

လေယာဉ်ရှာဖို့ ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၇၀ (ပေါင် ၅၆ သန်း) အထိ ကုန်ကျမှာဖြစ်ပြီး လေယာဉ်ရှာ ကုမ္ပဏီကတော့ ဒီငွေတွေကို လေယာဉ်ရှာတွေ့မှသာ ပေးချေဖို့ ကတိပြုပြီး ရှာမတွေ့ခဲ့ရင် ပေးချေစရာ မလိုဘူးလို့ အသိပေးထားပါတယ်။ မလေးရှား လေကြောင်းလိုင်းအမှတ်စဉ် MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပေကျင်းမြို့ကိုအသွား  ထူးထူးဆန်းဆန်းဆန်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၂ ဦး လိုက်ပါသွားတာပါ။ ဒီလေယာဉ်ကို ရှာဖွေဖို့ မလေးရှားအစိုးရနဲ့ နိုင်ငံတကာရှာဖွေကူညီရေးအဖွဲ့တွေက အပြင်းအထန် ကြိုးစားရှာဖွေခဲ့ကြပေမဲ့ ဒီကနေ့အထိ မတွေ့သေးဘဲ ကုန်ကျစရိတ်တွေလည်း အလွန်များပြားခဲ့ရပါတယ်။ အခုတော့ MH370  ရှာပုံတော်ခရီးဟာ လာမယ့် ၂၀၂၅ ခုနှစ်အစောပိုင်းလောက်မှာ အမြန်ဆုံး အတည်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီလေယာဉ်ပေါ်မှာ ပါသွားတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေကတော့ အခုရှာဖွေမှုအတွက် ခရစ္စမတ်လက်ဆောင်တစ်ခုရသလို စိတ်လှုပ်ရှားနေကြပါတယ်။ ရှာဖွေမှုအသစ်ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာတွေ့ရတဲ့ နေရာတစ်ခုအခြေခံပြီး ယုံကြည်ရလောက်တဲ့ အချက်အလက်တွေနဲ့ ပေါင်းကာ ရှာဖွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

“ထရမ့်လက်ထက် ယူကရိန်းအရေး ပူတင်အဖြေရှာမယ်”

 

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ လက်ထက်မှာ ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ရုရှားသမ္မတ ပူတင်က အသိပေးလာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသိပေးချက်ထဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းအရေး ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးမှုတွေကို ယူကရိန်းခေါင်းဆောင်တွေနဲ့ စတင်မဆွေးနွေးချင်ဘဲ ထရမ့်နဲ့သာ ဆွေးနွေးဖို့ အသင့်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထရမ့်နဲ့ ပူတင်ဟာ ယူကရိန်းစစ်ပွဲ အမြန်အဆုံးသတ်ဖို့ ဆန္ဒရှိနေပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ ဆွေးနွေးပြီး အဆုံးသတ်မယ်ဆိုတာ အသေးစိတ် မသိရှိရသေးပါဘူး။ ထရမ့်နဲ့ နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေတဲ့ ပူတင်ဟာ အမေရိကန် သမ္မတရွေးကောက်ပွဲကာလတွေကတည်းက အသိပေးခဲ့တဲ့ ထရမ့်ရဲ့ စကားတွေအပေါ် စိတ်ဝင်တစား ရှိနေတာလည်း ဖြစ်ပါတယ်။

 

ပူတင်ဟာ ထရမ့်နဲ့ ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆွေးနွေးဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားပေမဲ့ နှစ်နိုင်ငံအကြား ပိုင်နက်ဆိုင်ရာ လိုက်လျောချက်တွေကို ငြင်းဆန်ထားပြီး ယူကရိန်းရဲ့ နေတိုးအဖွဲ့အတွင်း ပါဝင်ရေး မျှော်မှန်းချက်တွေကိုလည်း စွန့်လွှတ်ဖို့ အသိပေးချက်တွေလည်း ရှိနေပါသေးတယ်။ နောက်ပြီး သမ္မတ ဇလန်းစကီးရဲ့ အစိုးရသက်တမ်းဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် တရားဝင်ဆွေးနွေးရေးတွေလုပ်ဖို့ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ လိုတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

 

လက်ရှိမှာတော့ အမေရိကန်ဟာ ဘိုင်ဒင်အစိုးရကာလ မပြီးဆုံးခင် အချိန်အတွင်းမှာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးနေပြီး ယူကရိန်းအတွက် တစ်ဘီလီယံနီးပါးရှိတဲ့ ကူညီမှုတွေတောင် ပေးဖို့အတွက် မကြာသေးခင်က ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်း သုံးပွင့်ဆိုင် ဇာတ်လမ်းဟာ စားပွဲဝိုင်းပေါ် ဒါမှမဟုတ် မြေပြင်မှာ စစ်လက်နက်တွေနဲ့ ဖြေရှင်းဖို့ဆိုတဲ့ နည်းလမ်းနှစ်ခုထဲက ဘယ်နည်းလမ်း ဆွဲကိုင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

 

“လျှို့ဝှက် တရုတ်ရဲစခန်းတွေ”

 

နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ တရုတ်အစိုးရလက်အောက်ခံ ရဲစခန်းပေါင်း ၁၀၀ ထက်မနည်းကို လျှို့ဝှက်ဖွင့်ထားပြီး ပြည်ပမှာနေထိုင်တဲ့ တရုတ်လူမျိုးတွေကို စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်ကလည်း ပြည်တွင်းမှာ တရုတ်အစိုးရ လက်အောက်ခံ လျှို့ဝှက်ရဲစခန်း ဖွင့်လှစ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံထားပါသေးတယ်။

 

အဲဒီလျှို့ဝှက်ရဲစခန်းကို ၂၀၂၂ ခုနှစ် အစောပိုင်းက ဖွင့်လှစ်ခဲ့ပြီးနောက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ခဲ့ပြီး ဆောင်းဦးကာလလောက်မှာပဲ ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ အခုလို တရုတ်လျှို့ဝှက် ရဲစခန်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးကတော့ ငြင်းဆန်ထားပြီး ဒါတွေဟာ အခြေခံဝန်ဆောင်မှုပေးတဲ့ ဌာနတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်တရားရေးဌာနဘက်ကတော့ အခုလုပ်ရပ်တွေဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လိုက်တာဖြစ်ပြီး အသိုင်းအဝိုင်းအတွက် အန္တရာယ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။ ပထမဆုံး စုံစမ်းစစ်ဆေးနိုင်ခဲ့တဲ့ တရုတ်လျှို့ဝှက်ရဲစခန်းနဲ့ ပတ်သက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားနှစ်ဦးထဲက ချန်ဆိုသူကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် လာမယ့်နှစ်မှာ ထောင်ငါးနှစ်ကျခံရတော့မှာဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြပါတယ်။

 

ကနဦးအခြေအနေမှာ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ချန်နဲ့လူတို့ဟာ စုံစမ်းစစ်ဆေးမှုတွေလုပ်တော့မှာကို သိသိချင်း  တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန  MPS က အရာရှိတစ်ဦးနဲ့ ပြောထားတဲ့ စာတိုတွေကို ဖျက်ဆီးခဲ့တယ်လို့ အစိုးရရှေ့နေတွေက အသိပေးထားပါတယ်။

 

“ဒုံးတွေ အပြိုင်အဆိုင်”

 

အခုရက်ပိုင်းအတွင်း ယီမင်မှာရှိနေတဲ့ ဟူသီသူပုန်တွေနဲ့ အစ္စရေးတို့ဟာ တစ်ဘက်နဲ့တစ်ဘက် ဒုံးတွေသုံးပြီး အပြန်အလှန်ပစ်ခတ်နေကြပါတယ်။ ပထမတစ်ကြိမ် ဟူသီတွေဘက်ကနေ ပစ်ခတ်လိုက်တုန်းက အစ္စရေးဟာ ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အဓိကထား ပစ်ခတ်တိုက်ခိုက်ပြီး လက်တုန့်ပြန်ခဲ့ပါတယ်။

 

ဒီတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံမြို့တော် ဆာနာမြို့က ပင်မဓာတ်အားပေးစက်ရုံ နှစ်ရုံနဲ့ ဟိုဒေးဒါဟ်မြို့က လောင်စာဆီစက်ရုံတို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ်ဟာဂါရီကလည်း ဟူသီသူပုန်တွေရဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ညက အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ ဟူသီတွေရဲ့ စစ်ရေးပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

 

ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကလည်း အစ္စရေးရဲ့ တဲလ်အဗစ်မြို့ကို ပြီးခဲ့တဲ့ စနေနေ့က ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့လို့ လူတစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က အသိပေးလာပါတယ်။ ဟူသီတွေပစ်လိုက်တဲ့ ဒုံးကျည်ကို ဟန့်တားရာမှာ မအောင်မြင်ဖြစ်ခဲ့တယ်လို့ ဆိုပြီး ဒီဖြစ်ရပ်ဟာ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း ဝန်ခံထားပါသေးတယ်။ ပစ်ခတ်မှုမှာ လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။

 

တစ်နှစ်ကျော်ကာလ အစ္စရေး ထိုးစစ်မှာ ဟူသီသူပုန်တွေ သုံးခဲ့တဲ့ ဒုံးကျည်အများစုကို အစ္စရေးဘက်က ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမဲ့ စနေနေ့က ကျရောက်ပေါက်ကွဲခဲ့တဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်ကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး။ အီရန် ကျောထောက်နောက်ခံ ဟူသီတွေကတော့ အဲဒီဒုံးကျည်မှာ “Palestine 2” ဆိုတဲ့ တံဆိပ်ကပ်ပြီး ပစ်ခတ်လိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။