မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါလ် လက်ဝှေ့ပွဲပြီးနောက် Netflix ဒေါ်လာ သန်း ၅၀ ကျော် လျော်ရဖွယ်ရှိ
မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါလ်တို့ ထိုးသတ် ယှဉ်ပြိုင်ခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က လက်ဝှေ့ပွဲမှာ နည်းပညာအားနည်းချက်ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး အမေရိကန် မီဒီယာ ကုမ္ပဏီ Netflix ဟာ တရားစွဲဆိုခံခဲ့ရပါတယ်။
Netflix ရဲ့ ညံ့ဖျင်းလှတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် အမေရိကန် ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက တရားစွဲဆိုလိုက်တာပဲ ဖြစ်ပါတယ်။
မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါလ်တို့ ထိုးသတ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကို Netflix က တစ်ဆင့် တိုက်ရိုက်ကြည့်ရှုသူ ၆၅ သန်း ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာလည်း သန်းရာချီ ကြည့်ရှုသူတွေ များပြားခဲ့ပါတယ်။
ပွဲ စတင် ထိုးသတ်ချိန် ကာလမှာ Netflix ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဟာ ချွတ်ယွင်းချက်ရှိခဲ့ပြီး ဖိုက်တာကစားသမားနှစ်ဦးရဲ့ တချို့ ထိုးသတ်မှုတွေ လွတ်သွားခဲ့တာ သိသာခဲ့ပါတယ်။
Netflix ဟာ နာမည်ကြီး မီဒီယာထုတ်လွှင့်မှု ကုမ္ပဏီဖြစ်ပေမဲ့ အခုလို ဖြစ်ရပ်မျိုး တစ်ကြိမ်မက ဖြစ်နေတဲ့အတွက် ကြည့်ရှုသူ ပရိသတ်တွေက ကုမ္ပဏီကို စီစဉ်မှု အလွန် ညံ့ဖျင်းကြောင်း ပြစ်တင်ဝေဖန်ထားပါတယ်။
နယူးယောက်ပို့စ်ရဲ့ ဖော်ပြချက်မှာတော့ အခုလို တရားစွဲဆိုမှုကြောင့် Netflix အနေနဲ့ ဒေါ်လာ သန်း ၅၀ ကျော် ပေးလျော်ရဖွယ်ရှိနေတယ်လို့ ရေးသားထားပါတယ်။
ဓာတ်ပုံ – Sports via Reuters