စစ်ကောင်စီ အကျိုးစီးပွား လိုလားသူတွေနဲ့ ဖွဲ့ထားတဲ့ မီဒီယာကောင်စီကို IPCM ကန့်ကွက်ရှုတ်ချ

Author အကြင်နာ၊ ရှိုး
Categories
Published on Nov 22, 2024

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဩဇာခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုအပေါ် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့၊ ညနေပိုင်းမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

 

သဘောထား ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီရဲ့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦးဟာ စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့အပြင် အတွင်းရေးမှူး ဦးအေးချမ်းကလည်း ရေတပ် စစ်ဦးစီးချုပ်ဟောင်းရဲ့ သားဖြစ်နေတဲ့အတွက် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို ရပ်တည် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

 

“သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းသဘာ၀က နိုင်ငံအနှံ့အ​ပြားက သတင်းမီဒီယာသမားတွေအတွက် ရပ်တည်ပေးရမယ်။ လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်လုပ်ခွင့်ကို အားပေးရမယ်။ သတင်းသမားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်။ ဒါတွေကို စစ်ကောင်စီရဲ့ မီဒီယာကောင်စီက ဘာတစ်ခုမှ လုပ်ပေးခဲ့တာ မရှိတဲ့အပြင် သတင်းသမားတွေကိုပါ ဖမ်းဆီးထောင်ချ သတ်ဖြတ်ခံနေရတာကို လျစ်လျူရှုနေတဲ့အဖွဲ့လို့ ပြောချင်ပါတယ်”လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက် နေ့စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်တဲ့ မီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာသမားတွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှား ဖြန့်ချိရေးလုပ်ဆောင်ဖို့အတွက်သာဖြစ်တယ်လို့ IPCM က ဆိုပါတယ်။

 

“မီဒီယာကောင်စီဆိုတာ သတင်းသမားတွေကို ကာကွယ်ပေးရမဲ့ တာဝန်အပြည့်အ၀ရှိတယ်။ သတင်းမီဒီယာလုပ်ငန်းက ဘယ်အစိုးရတက်တက် အစိုးရရဲ့အားနည်းချက်ကို ထောက်ပြနေရမှာ၊ ဒါပေမဲ့ စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းပေးထားတဲ့ မီဒီယာကောင်စီက သတင်းမားတွေကို မကာကွယ်ပေးတဲ့အပြင် စစ်ကောင်စီအလိုအတိုင်း သတင်းသမားတွေကို ဖိနှိပ်တယ်။  သူတို့ (စစ်ကောင်စီ) ကြိုးဆွဲရာ လိုက်ကပေးတယ်။ ပြည်တွင်းမှာ အခြေချလို့မရတဲ့ သတင်းဌာနတွေကိုလဲ အကြမ်းဖက်မီဒီယာဆိုပြီး အပုပ်ချတယ်။ ကောင်စီလို့အမည်ခံထားပေမဲ့ စစ်တပ်ဝါဒဖြန့် ယန္တရားတစ်ခုသာသာပဲရှိတယ်”လို့ ထိုင်းနိုင်ငံ၊ မဲဆောက်ရောက် သတင်းသမားတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်အတွင်း သတင်းသမားစုစုပေါင်း ရှစ်ဦးအထိ သတ်ဖြတ်ခံထားရသလို အယောက် ၅၀ မှာလည်း အကျဉ်းချခံထားရဆဲဖြစ်တယ်လို့ သိရပြီး သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ) က 2024 Global Impunity Index ရဲ့ အဆင့် သတ်မှတ်ချက် ၁၀ မှာ မြန်မာနိုင်ငံက ရပ်တည်နေပါတယ်။

 

ပုံစာ – သတင်းမီဒီယာကောင်စီ ဖွဲ့စည်းကြောင်း စစ်ကောင်စီ သတင်းစာက ထုတ်ပြန်အသိပေးထားပုံ