ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် ဆင်ခြေဖုံးမြို့နယ်တွေမှာသာ အရောင်းအဝယ် အတန်အသင့်ဖြစ်
ရန်ကုန်မြို့ရဲ့ အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အခုလပိုင်းတွေအတွင်း ဆင်ခြေဖုံးမြို့နယ်က သိန်းရာဂဏန်း၊ အိမ်ခြံမြေအမျိုးအစားတွေသာ အရောင်းအဝယ် အတန်အသင့် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။
မြို့တွင်းက သိန်းထောင်ဂဏန်း အိမ်၊ ခြံ၊ မြေ အမျိုးအစားတွေကတော့ အရောင်းအဝယ် ဆက်လက်အေးနေတယ်လို့ ဆိုပါတယ်။
“ရွှေပြည်သာ၊ လှိုင်သာယာ၊ နောက်ပြီး ဒဂုံလေးမြို့နယ်က သိန်း ၂၀၀၊ ၃၀၀၊ ၅၀၀ အဲဒီ အမျိုးအစားတွေပေ့ါ။ နယ်ဘက်တွေကနေ ရန်ကုန်မှာ အခြေချဖို့ရောက်လာသူတွေက ဒီလပိုင်းတွေမှာ များတော့ သူတို့ ခြေနိုင်လက်နိုင်လေးတွေ အဝယ်တွေရှိတာပေါ့”လို့ မြောက်ဒဂုံမြို့နယ်၊ သော်တာရွှေမြေ အိမ်ခြံမြေလုပ်ငန်းက ကိုသော်တာက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် စစ်ဘေး၊ သဘာဝဘေးတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေရဲ့ ငှားရမ်းမှုတွေကြောင့် အိမ်အငှား ဈေးကွက် ပိုသွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အခုချိန် အိမ်ငှားဖို့လိုက်ရှာရင် အကုန်ပြည့်နေတာပဲ တွေ့ရမယ်”လို့ ကိုသော်တာက ပြောပါတယ်။
အရင်နှစ်က ပေ ၄၀၊ ပေ ၆၀ ပတ်လည် မြေကွက်လွတ် တစ်ခုရဲ့တန်ဖိုးဟာ သိန်း ၈၀၀ ကနေ သိန်း ၃၀၀၀ ကျော်အတွင်း ပေါက်ဈေးရှိခဲ့ရာ အခုနှစ်မှာတော့ ငွေကျပ်သိန်း ၁၀၀၀ ကျော်ကနေ သိန်း ၄၀၀၀ ကျော်အထိ ဈေးနှစ်ဆခန့် ပေါက်ဈေး ဖြစ်ပေါ်နေပါတယ်။
၂၀၂၃ ခုနှစ် ဝါကျွတ်ကာလက အိမ်အငှား ဈေးကွက်အတွင်းမှာ တိုက်ခန်းအငှားဈေး တစ်သိန်းကျော်ကနေ ရှစ်သိန်းကျော်၊ လုံးချင်း အိမ်အငှားဈေး နှစ်သိန်းကနေ ၁၀ သိန်း ကျော် ဈေး ရှိခဲ့ပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ တိုက်ခန်းအငှားဈေး သုံးသိန်းကျော်ကနေ ၁၀ သိန်းကျော်အထိ ဈေးတက်လာပြီး လုံးချင်း အိမ် အငှားဈေးတွေလည်း သုံးသိန်းမှ သိန်း ၂၀ ကျော် အထိ ရှိနေတယ်လို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ကိုထက်
ပုံစာ – ရန်ကုန်မြို့က အထပ်မြင့်တိုက်များကို တွေ့ရစဉ်။