အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမက်စ်ခေါင်းဆောင်တို့ကို ICC ဖမ်းဝရမ်းထုတ်

Author CJ Platform
Categories
Published on Nov 22, 2024

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလန့်နဲ့ ဟားမက်စ်ခေါင်းဆောင် အီဗရာဟင်အယ်မာဆရီတို့ကို ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာပဲ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

 

ICC က တရားသူကြီးတွေက နေတန်ညာဟုနဲ့ ယိုအက်ဗ်ဂဲလန့်တို့ဟာ ဂါဇာက အရပ်သားပြည်သူတွေအပေါ် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အစာအငတ်ထားတာတွေကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့တယ်ဆိုတာ ယုံကြည်ဖို့အတွက် သင့်လျော်တဲ့ အကြောင်းရင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာ၊ ရေ၊ လျှပ်စစ်၊ လောင်စာဆီနဲ့ ဆေးဝါးပစ္စည်း အထောက်အပံ့တွေ ချို့တဲ့မှုကြောင့် ဂါဇာကမ်းမြောင် ဒေသက အရပ်သားတွေ ပျက်စီးဆုံးပါးသွားစေမယ့် အခြေအနေတွေကို ဖန်တီးခဲ့တယ်လို့လည်း ယူဆရပြီး အဲဒီ အခြေအနေတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေဟာ ရေဓာတ်ခန်းခြောက်မှုနဲ့ အာဟာရချို့တဲ့ရတဲ့ အခြေအနေတွေကြောင့် သေဆုံးနေရတယ်လို့ ဆက်ပြောပါတယ်။

 

ဟားမက်စ်ခေါင်းဆောင် မာဆရီကိုတော့ ဂါဇာစစ်ပွဲကို မီးစပျိုးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ ဓားစာခံတွေကို ဖမ်းဆီးမှုနဲ့ မုဒိမ်းမှု စတဲ့ အမှုတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

 

အစ္စရေးဘက်ကတော့ မာဆရီကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လေကြောင်းတိုက်ခိုက်မှုမှာ သတ်ဖြတ်ခဲ့ပြီးပြီလို့ ဆိုထားပေမဲ့ ဟားမက်စ်တွေဘက်ကတော့ အတည်လည်း မပြုသလို ငြင်းလည်း မငြင်းဆန်ခဲ့ပါဘူး။

 

အခုလိုမျိုး စွဲချက်တင်လိုက်တဲ့ ကိစ္စကတော့ မာဆရီ တစ်ယောက် သက်ရှိထင်ရှား ရှိနေသေးတယ်လို့ ယူဆလို့ရနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ICC ရဲ့ အခုလိုမျိုးစွဲချက်တင် ဖမ်းဝရမ်းထုတ်ခဲ့တာကို အစ္စရေးဘက်က ကန့်ကွက်ခဲ့သလို ဂါဇာဒေသမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

နေတန်ညာဟုရဲ့ ရုံးကလည်း “ICC ရဲ့ ဆုံးဖြတ်ချက်ဟာ ဂျူးဆန့်ကျင်ရေးလုပ်ဆောင်ချက်ဖြစ်ပြီး အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်တွေ မပြီးမချင်း ဖိအားပေးမှုတွေကို အလျှော့မပေးနိုင်သလို ကြောက်ရွံ့နေမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

 

အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယိုအက်ဗ်ဂဲလန့်ကတော့ တစ်စုံတစ်ရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဟားမက်စ်တွေကတော့ အစ္စရေးခေါင်းဆောင်တွေအပေါ် ဖမ်းဝရမ်းထုတ်မှုကို ကြိုဆိုကြောင်းနဲ့ တရားမျှတမှုဆီကို သွားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

 

ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘိုရဲလ်က အခုဆုံးဖြတ်ချက်ဟာ နိုင်ငံရေး မဟုတ်ဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် လေးစားလိုက်နာသင့်တယ်လို့ ပြောပါတယ်။

 

ICC ဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို အမြဲတမ်းတရားစီရင်နိုင်တဲ့ တစ်ခုတည်းသော အမြဲတမ်းခုံရုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုတွေအတွက် အရေးပါပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ ၁၂၄ နိုင်ငံသာရှိပြီး အစ္စရေးကလည်း အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ ပါဝင်တာ မရှိပါဘူး။

 

ဒါ့အပြင် ကိုယ်ပိုင်ရဲတပ်ဖွဲ့လည်း မရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ပြန်ထားသူတွေကို ဖမ်းဆီးဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်လည်း မှီခိုရပါတယ်။ ICC ကို ၁၉၉၈ မှာ ရောမသဘောတူညီချက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ တရားဝင် စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ- REUTERS/Amir Cohen/File

 

ပုံစာ- အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်အခမ်းအနားတစ်ခုကို တက်ရောက်လာကြတဲ့ နေတန်ညာဟုနဲ့ ဂဲလန့်ကို အတူတွေ့ရစဉ်

 

ကိုးကား- Reuters