“နိုင်ငံခြား၊ စစ်မှုထမ်း ဥပဒေနဲ့ မိခင်တွေရဲ့ သောက”
စစ်မှုထမ်း ဥပဒေကိုအတည်ပြုလိုက်ပြီးနောက် အဲဒီ ရိုက်ခတ်မှုဟာ မြန်မာနိုင်ငံအတွင်းက မိဘတွေအတွက် အခက်တွေ့စရာဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍမှာ မြန်မာပြည်တွင်းက မိခင်တွေရဲ့ အသံကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လိုအခက်အခဲအကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ နိုင်ငံခြားနဲ့ စစ်မှုထမ်းဥပဒေကြားမှာ ဘယ်လိုရုန်းကန်နေရပါသလဲ။
“ဒီ ဥပဒေ မရှိတော့မှပဲ ခေါင်းပြားအောင် အိပ်နိုင်မယ်”
လှိုင်သာယာမြို့နယ်က သားနှစ်ဦးရဲ့ မိခင်
“ဟိုနေရာမှာ လာခေါ်ပြီ အသံကြား၊ ဒီမှာ လာခေါ်တာအသံကြားနဲ့။ အိမ်က သားနှစ်ယောက်ကို ဘယ်ပို့ထားရမှန်း မသိဘူး။ အခုအထိတော့ ရပ်ကွက်ကလူကြီးတွေက ဒီကိစ္စ (စစ်မှုထမ်း) ကို ပြောတာဆိုတာ မရှိသေးဘူး။ စိုးရိမ်စိတ်ကတော့ အမြဲရှိနေတာပဲ။ အပြင်ကို အလုပ်သွား၊ သင်တန်းသွားလည်း အိမ်ကို ပြန်ရောက်လာပြီဆိုမှ စိတ်က အေးရတယ်လေ။ ဒီ ဥပဒေကြီးမရှိဘူး၊ မလုပ်တော့ဘူး ဆိုမှပဲ ခေါင်းပြားအောင် အိပ်လို့ရမယ်။ သားယောက်ျားလေး မွေးထားတဲ့ မိခင်တိုင်းပါပဲ အခုလိုတွေ စိတ်ကမအေး ဖြစ်နေရတာ။ ဘယ်ကာလ၊ ဘယ်အချိန်အထိ ခံစားနေကြရမလဲ မသိပါဘူး”
“မြေးလေးက သူ့လာခေါ်မှာ ကြောက်လို့ ထိုင်းပို့ပေးပါဆိုလို့ မရှိရှိတာ ချေးငှားပြီး ပို့ပေးလိုက်ရတယ်”
လှိုင်သာယာမြို့နယ် လူငယ်တစ်ဦးရဲ့ အဖွားဖြစ်သူ
“အဲဒီ စစ်မှုထမ်းတွေစတော့ အိမ်က မြေးလေးကလည်း အသက်က ၁၉ နှစ်ဆိုတော့ အသက်မီနေတယ်လေ။ သူက ဟိုမှာ မဲပေါက်တာ၊ ဒီမှာ မဲပေါက်လို့ လာခေါ်တာတွေ သိရကြားရတော့ ကြောက်တာပေါ့။ အဖွားသားကို လာခေါ်ရင် ဘယ်လို လုပ်မလဲဆိုပြီး စိုးရိမ်စိတ်က တကဲကဲနဲ့ သူ့အပေါင်းအသင်းတွေကလည်း ထိုင်းမှာ အလုပ်သွားလုပ်ကြမယ်ဆိုပြီး ပြောကြတယ်လေ။ သူလည်း လာခေါ်မှာ ကြောက်တယ်။ ထိုင်းကို သွားချင်တယ်ဆိုလို့ မရှိ ရှိတာလေးတွေ ရောင်းချပေါင်းနှံပြီး၊ လိုတာလေးတွေလည်း ချေးငှားပြီး ထိုင်းကို ပို့ပေးလိုက်ရတယ်။ ဒီ စစ်မှုထမ်း ကိစ္စကတော့ အရွယ်ကောင်းလေးတွေကို တော်တော် ဒုက္ခပေးတာပါ။ အကုန် ကြောက်လန့်နေကြတာလေ”
“လေဆိပ်မှာပါ နာမည်ပါရင် ခေါ်ထားတာ။ လေယာဉ်ထွက်ပြီဆိုမှပဲ စိတ်က အေးရတယ်”
စမ်းချောင်းမြို့နယ်က မိခင်တစ်ဦး
“အန်တီသားလေးလည်း ကျောင်းလည်းတက်၊ အလုပ်လည်း လုပ်ဖို့ သဘောမျိုးနဲ့ ပို့လိုက်ရတာ။ ဒီမှာက By name တွေနဲ့ အိမ်အထိကို လာခေါ်တာ။ နာမည်ကတော့ မပါသေးပါဘူး၊ ဒါပေမဲ့ စိုးရိမ်တယ်လေ။ လာခေါ်လို့ ငြင်းရင်လည်း ဖမ်းမယ်၊ စီးမယ်က လုပ်မှာဆိုတော့ ကလေးကလည်း သွားချင်တယ်ဆိုတာနဲ့ လွှတ်လိုက်တာပါ။ အဲဒီလို သွားရပြီဆိုလို့လည်း စိတ်ကတော်တော်နဲ့ မအေးရသေးဘူး။ လေဆိပ်မှာ တချို့နာမည်ပါနေတာသိတာနဲ့ ခေါ်ထားလိုက်တာ။ တချို့ကလေးတွေဆို လေယာဉ်ပေါ်အထိကို လိုက်ခေါ်တာ။ အန်တီတို့ သားလေးလည်း လေယာဉ်ပေါ်ရောက် လေယာဉ်ထွက်သွားမှပဲ စိတ်အေးရတယ်။ အခုလို အချင်းချင်းပြန်သတ်ခိုင်းဖို့ အတင်းအဓမ္မ စစ်ထဲဝင်ခိုင်းတာတော့ မဖြစ်သင့်ဘူးလေ။ ခေတ်ကောင်းနေရင်တော့ လုပ်သင့်တယ်လေ။ အတွေ့အကြုံတောင် ရသေး။ အခုဟာက ကိုယ့်အချင်းချင်း ပြန်သတ်ဖြတ်ရမဲ့ အဖြစ်မျိုးကြီး”