ဘုတလင်မှာ စစ်တပ်က အငြိုးတကြီး စစ်ကြောင်းထိုးနေ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ဆို

Author မင်းထက်
Categories
Published on Oct 22, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခရိုင် ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတစ်ကြောင်းလုံး တိုက်ခံရပြီးနောက် စစ်အုပ်စုဟာ အောက်တိုဘာလဆန်းကနေ စတင်ပြီး ရွာစဉ်အလိုက် စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ဘုတလင်မြို့နယ်၊ ကူတော်ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကြောင်းမှူး၊ ဗိုလ်မှူးတွေ အပါအ၀င် ၃၅ ဦး သေဆုံးပြီး ၄၃ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

 

အဲဒီဖြစ်စဥ်ပြီးတဲ့နောက်မှာ ဘုတလင်မြို့နယ်နဲ့ မိုင် ၂၀ ခန့်ဝေးကွာတဲ့ မုံရွာအနောက်မြောက် တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ဘုတလင်မြို့နယ်ဘက်ကို  စတင် စစ်ကြောင်းထိုး ဝင်ရောက်လာကာ အရပ်သားတွေကို သတ်ဖြတ်၊ ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။

 

“ဘုတလင်မြို့နယ်အတွင်းမှာ စစ်ကြောင်းတစ်ခုလုံး အထိနာခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ အထိနာခဲ့တဲ့ အနီးမှာရှိတဲ့ စီပါ၊ ကျွဲသေချောင်းနဲ့ ဆည်၀ကျေးရွာတွေကို အငြိုးတကြီး စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတာပါ” လို့ ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

စစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်းကို အောက်တိုဘာ ၄ ရက်နေ့ကနေ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အောက်တိုဘာ ၂၂ ရက်အထိ နှစ်ပတ်ကျော်အတွင်း နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

ဒါ့အပြင် ဒေသခံ ၂၄ ဦးကို သတ်ဖြတ်ကာ ၆၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဘုတလင်မြို့နယ်ကို ၀င်ရောက်လာခဲ့တဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ပထမအပတ်မှာ တောင်ဖက်အခြမ်းက ရွာတွေကိုပါ  စီးနင်းခဲ့ပါတယ်။

 

စစ်ကြောင်း၀င်ရောက်ခဲ့ရာ တရော်တောကျေးရွာက အရပ်သားနှစ်ဦးနဲ့ အုတ်ကျင်းရွာက အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သီးပင်အိုင်ကျေးရွာက အပြစ်မဲ့အမျိုးသမီးငယ်တချို့ကိုပါ ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ  ဘုတလင်မြို့ကို ရောက်လာပြီးနောက် အောက်တိုဘာ ၁၁ ရက်မှာ ထပ်မံလှည့်လည်ပြီး ဘုတလင်မြို့ပေါ်က အရပ်သား ခြောက်ဦး၊ မြောက်ကျီရွာက အရပ်သား ခုနှစ်ဦး၊ စီပါရွာက အရပ်သားခြောက်ဦး၊ ဆည်ဝရွာက အရပ်သားတစ်ဦးနဲ့ တရော်တောရွာက အရပ်သား နှစ်ဦး စုစုပေါင်း ၂၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

 

ဒီ အချက်လက်တွေဟာ CJ Platform က လက်ခံရရှိထားတဲ့ အချက်လက်တွေသာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်ပါသေးတယ်။

 

 

ဘုတလင်မြို့နယ်ထဲမှာ လှည့်လည်နေတဲ့ စစ်ကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်​နေ့) ကလည်း စီပါရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

ဒါ့အပြင် အောက်တိုဘာ ၁၈ ရက်နေ့မှာ ဒေသခံ ခြောက်ဦးကို ဦးခေါင်းနဲ့ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် သတ်ဖြတ်ခဲ့တယ်လို့ ​စုံစမ်းသိရှိရပါတယ်။

 

“ညကနေ မနက်ပိုင်းအထိ စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူနေအိမ်၊ အဆောက်အအုံပေါင်း သုံးရာကျော် ဆုံးရှုံးခဲ့ရတယ်။ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ပြီး ခြောက်ဦး အသတ်ခံခဲ့ရပါတယ်”လို့ Budalin Mobile Team – BMT တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အသတ်ခံရတဲ့ သူတွေထဲမှာ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားနှစ်ဦးနဲ့ အသက် ၈၀ ကျော် အမျိုးသားတစ်ဦး ပါဝင်နေတယ်လို့ သိရှိရပါတယ်။

 

အဲဒီ အောက်တိုဘာ ၁၈ ရက်နေ့ တစ်ရက်ထဲမှာပဲ ဆည်၀အုပ်စု ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေနတ်ပစ်ဖောက်၀င်ရောက်ပြီး နေအိမ်၂၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

နေ့လယ်ပိုင်းမှာ ဆည်၀ကျေးရွာအုပ်စုက ဆည်၀ရွာဟောင်း၊ ဆည်၀ရွာသစ်နဲ့ အိုင်ပေါင်းချောင်ကျေးရွာကို ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စိုင်ပြင်လေးကျေးရွာဘက်ကို ထွက်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“စစ်ကောင်စီတပ်ဖွဲ့ ထွက်သွားချိန်မှာ ဆည်၀ကျေးရွာ အုပ်စုက အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ခဲ့ရပြီး ကျေးရွာခံပြည်သူ သုံးဦး ပျောက်ဆုံးနေခဲ့တယ်။ နေအိမ်၊ အဆောက်အအုံ ၈၀ ၀န်းကျင်လောက် ပျက်စီး ဆုံးရှုံးခဲ့ရတယ်”လို့ ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

 

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းမှာ  စိုင်ပြင်လေးရွာကို ၀င်ရောက်ခဲ့ပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားသလို နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆက်လက် ပြောပါတယ်။

 

မီးလောင် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ လက်ရှိမှာ စစ်ကြောင်းရှိနေသေးလို့ အသေးစိပ် မသိရသေး​ဘူးလို့ ဆိုပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာတော့ စိုင်ပြင်လေးရွာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်း ထပ်မံ မီးရှို့နေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့အထိ စစ်ကြောင်းထိုး မီးရှို့၊ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ပြုလုပ်နေဆဲဖြစ်လို့ ဘုတလင်မြို့နယ်အတွင်းက ပြည်သူ တစ်သိန်းကျော်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။

 

စစ်ရှောင်တွေအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်၊ မိုးကာနဲ့ ဆေးဝါး စတာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေဆီက သိရပါတယ်။

 

လက်ရှိ အခြေနေတွေကြောင့် စစ်ကိုင်းဒေသအတွင်း တော်လှန်ရေးအင်အားစုနဲ့ စစ်အုပ်စုအကြား တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့  စစ်ရေးအသိ၊ စစ်ရေးသတိ ရှိကြစေရုံသာမက စစ်တပ်ရဲ့ လေကြောင်းရန်ကိုလည်း အထူးသတိထားကာ ကာကွယ် ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့၀င်တွေက အသိပေးပြောဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး ၂၀၂၄ အောက်တိုဘာလ ၂၁ ရက်အထိ  စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့်  သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၅၈၅၁ ဦး  ရှိခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။