အမ်းမြို့အနီးက လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့၊ အိမ်စောင့်သဘော ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အဆက်အသွယ်ပြတ်နေ

Author သုတ
Categories
Published on Oct 22, 2024

တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည်၊ အမ်းမြို့အနီးက လုံးကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အင်အား ၁၀၀ ပါ စစ်ကြောင်းက လုံးကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားတယ်လို့ စစ်ဘေးရှောင် လုံးကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

“မနက်အစောကြီး ၅ နာရီခွဲ ၆ နာရီလောက် လာရှို့တာ။ လက်ရှိရောက်နေတဲ့ နေရာကနေ လှမ်းမြင်နေရတယ်။ မီးခိုးလုံးတွေ တက်လာတာကို။ ရွာမှာက တိုက်ပွဲတွေ ပြင်းကတည်းက ရှောင်နေကြတာ။ အိမ်စောင့် လူနည်းစုတော့ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 

ကျေးရွာအတွင်း အိမ်စောင့်သဘောအနေနဲ့ သက်ကြီးရွယ်အိုတချို့ ကျန်ရစ်ခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့အတွက် လက်ရှိအခြေအနေကို စိတ်ပူနေရတယ်လို့ သူက ဆက်ပြောပါတယ်။

 

“တစ်ရွာလုံးကို မီးတိုက်တာမလို့ နေအိမ်တွေမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေအတွက် စိတ်ပူမိတယ်။ ဖမ်းဆီးထားတာလား။ သတ်ပစ်တာမျိုး လုပ်လိုက်ပြီလား။ အိမ်မီးရှို့ချိန် ပါသွားလား။ ဘာတစ်ခုမှ မသိရသေးဘူး”လို့ ဆိုပါတယ်။

 

လုံးကျေးရွာမှာ အိမ်ခြေ ၂၅၄ ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နှစ်မိုင်ခန့်သာ ကွာဝေးတဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။

အဲဒီကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ထောက်ပို့တပ်စခန်းရှိပြီး ရွာထဲကို ဝင်ရောက်မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ထောက်ပို့တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

လက်ရှိမှာ (နပခ) ဌာနချုပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ခုခံကာကွယ်နေပါတယ်။

 

အာရက္ခတပ်တော် (AA) ဘက်ကလည်း ဆက်လက်ပြီး ထိုးစစ် အရှိန်မြှင့် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဟာ ပိုမိုပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်