ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအတွက် မဟာမိတ် တပ်ဖွဲ့ဝင် နှစ်သိန်းကျော် လိုအပ်မယ်လို့ ဇလန်းစကီး ပြော

Author CJ Platform
Categories
Published on Jan 22, 2025

ယူကရိန်းသမ္မတ ဇလန်းစကီးက  ဘယ်ငြိမ်းချမ်းရေး သဘောတူညီချက်ကိုမဆို ယူကရိန်းအနေနဲ့လိုက်နာကျင်သုံးနိုင်ဖို့အတွက် မဟာမိတ်တပ်ဖွဲ့ဝင်တွေ အနည်းဆုံး ၂၀၀,၀၀၀ လိုအပ်တယ်လို့ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။

 

ဒါ့အပြင် ဥရောပ‌ ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘာလုပ်လာနိုင်သလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးနေမဲ့အစား ရုရှားရဲ့ ရန်လိုတဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ ဥရောပတိုက်ကို ဘယ်လိုမျိုး ပူးပေါင်းကာကွယ်ကြမလဲ ဆိုတာကိုပဲ လုပ်ဆောင်သင့်တယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇလန်းစကီးက တိုက်တွန်းထားပါတယ်။

 

“ဥရောပဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန်မာတဲ့၊ မရှိမဖြစ်တဲ့ ဇာတ်ကောင်အဖြစ် တည်ဆောက်ရပါမယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

သူက ယူကရိန်းအရှေ့ဘက်နယ်စပ်နဲ့ နီးတဲ့ ရုရှားနိုင်ငံအနောက်ပိုင်းက ကာ့ရှ်ဒေသမှာ ရုရှားတပ်တွေနဲ့အတူ မြောက်ကိုရီးယားတပ်တွေကပါ ယူကရိန်းကို တိုက်ခိုက်နေတာကို ကိုးကားပြီး အခုလို ပြောဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ဥရောပတိုက်နဲ့ ရုရှားနိုင်ငံကိုပိုင်းခြားထားတဲ့ သမုဒ္ဒရာကြီး မရှိဘူးဆိုတာကို မမေ့ပါနဲ့၊ မြောက်ကိုရီးယားတပ်တွေ ပါဝင်တိုက်ခိုက်နေတဲ့ စစ်ပွဲဖြစ်ရာနေရာက ပထဝီအနေအထားအရ (မြောက်ကိုရီးယားမြို့တော်) ပြုံယမ်းထက် ဒါဗို့စ်မြို့နဲ့ ပိုနီးတယ်ဆိုတာကို ဥရောပ ခေါင်းဆောင်တွေအနေနဲ့ မမေ့သင့်ပါဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် ရုရှား-ယူကရိန်းစစ်ပွဲရပ်တန့်ဖို့ သဘောတူခဲ့ရင် ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အစီအစဉ်တွေ အမှန်တကယ် အလုပ်ဖြစ်နိုင်ဖို့ဆိုရင် ဥရောပနိုင်ငံတွေဆီကနေ မဟာမိတ်တပ်ဖွဲ့ဝင်တွေ အနည်းဆုံး ၂၀၀,၀၀၀ အထိ လိုအပ်တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

 

ရုရှားရဲ့ တောင်းဆိုချက်ဖြစ်တဲ့  တပ်ဖွဲ့ဝင် အင်အား ရှစ်သိန်း ရှိတဲ့ ယူကရိန်းစစ်တပ်ကို ငါးပုံတစ်ပုံလျှော့ချဖို့ ကိစ္စကိုလည်း သူက ငြင်းဆိုထားပါတယ်။

 

“ဒါက သူ (ပူတင်) လိုချင်နေတဲ့ အရာပါ။ ဒါမျိုးကို ကျွန်တော်တို့ အဖြစ်ခံမှာမဟုတ်ပါဘူး” လို့ ဇလန်းစကီးကပြောပြီးနောက် ထရမ့်နဲ့တွေ့ဆုံနိုင်ဖို့ သူတို့ဘက်ကလည်း စီစဉ်နေတယ်လို့  ဖြည့်စွက် ပြောပါတယ်။

 

ထရမ့်က ရွေးကောက်ပွဲကာလကတည်းက ရုရှား-ယူကရိန်းစစ်ပွဲကို အမြန်ဆုံး ရပ်တန့်မယ်လို့ တောက်လျှောက်ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတသစ်ဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်မှာလည်း ထရမ့်က  ပူတင်ဟာ ရုရှားနိုင်ငံကို ဖျက်ဆီးနေတယ်လို့ ပြောဆိုခဲ့သလို သူ့ (ပူတင်) အနေနဲ့ (အပစ်ရပ်ဖို့) သဘောတူညီမှုတစ်ခု လုပ်သင့်တယ်လို့ ဆိုပါတယ်။

 

ဇလန်းစကီးကတော့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေး အာမခံချက်တွေနဲ့ သက်ဆိုင်တယ်လို့ အလေးပေးပြောထားပါတယ်။

အကောင်းဆုံးအာမခံချက်က ယူကရိန်းကို မြောက်အတ္တလန္တိတ် မဟာမိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်ဖြစ်ခွင့်ပေးတာဖြစ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ကန့်ကွက်မှုကြောင့် ယူကရိန်းနိုင်ငံဟာ အခုအချိန်ထိ NATO အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့် မရသေးပါဘူး။

 

ပြီးခဲ့တဲ့ အပတ်တွေက ဇလန်းစကီးဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာတို့ အပါအဝင် အခြားဥရောပ မိတ်ဖက်တွေအပြင် ပိုလန်နိုင်ငံနဲ့ အခြားဘော်လ်တစ်နိုင်ငံတွေနဲ့ပါ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အစီအစဉ်အကြောင်း ဆွေးနွေးတယ်လို့ သိရပါတယ်။

 

ဒါဗို့စ်မြို့က ဖိုရမ်မှာ ဇလန်းစကီးက ဥရောပ နိုင်ငံတွေအနေနဲ့ နည်းပညာနဲ့ ကာကွယ်ရေးအပေါ်  ငွေကြေးပိုမိုသုံးစွဲကြဖို့ အထူးသဖြင့် ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ဒရုန်းထုတ်လုပ်ရေးတို့မှာ ပိုသုံးကြဖို့ တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် ယူကရိန်းစစ်မြေပြင်မှာ ရုရှားနိုင်ငံက တပ်ဖွဲ့ဝင် ၆၀၀,၀၀၀ ကျော်ကို စုစည်းထားနိုင်ပြီး ရုရှားတပ်တစ်ခုလုံးရဲ့ တပ်ဖွဲ့တင် အင်အားစုစုပေါင်းက ၁ ဒသမ ၅ သန်း အထိရှိနိုင်တာကြောင့် ဥရောပနိုင်ငံတွေတိုင်းရဲ့ စစ်တပ်တွေထက် သာလွန်တဲ့ အင်အားဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

 

“ကျွန်တော်တို့အားလုံး စည်းလုံးဖို့ လိုပါတယ်။ ဥ‌ရောပအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး အပြည့်အဝ ဂရုစိုက်ရမလဲဆိုတာ လေ့လာသင်ယူရပါမယ်။ ဒါမှသာ ကမ္ဘာကြီးက လျစ်လျူရှုမထားနိုင်မှာပါ” လို့ ဇလန်းစကီးက ဆိုပါတယ်။

 

တကယ်လို့ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကို တိုက်ခိုက်အောင်မြင်ခဲ့ရင် အခြားနိုင်ငံတွေကိုပါ ဆက်ပြီး တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းဘက်က အမြဲဝေဖန်ထောက်ပြခဲ့တာပါ။

 

ရုရှားနိုင်ငံဟာ စီးပွားရေးအရ စစ်တိုက်နေတာဖြစ်ပြီး ဥရောပကို စစ်ရေးအရ ကျော်လွန်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

 

သတိမထားဘဲနေခဲ့မယ်ဆိုရင် ပူတင်က အခုထက်ဆယ်ဆ ပိုအင်အားကြီးတဲ့ စစ်တပ်နဲ့ ရောက်လာမှာဖြစ်ပြီး အရင်က ဆိုဗီယက်ယူနီယံထဲပါခဲ့ဖူးတဲ့ လွတ်လပ်တဲ့ နိုင်ငံတွေကို ပြန်သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ – Markus Schreiber/AP

ပုံစာ- ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇလန်းစကီးကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့မြင်ရစဉ်

ကိုးကား- The Guardian