ရခိုင်က ရေလုပ်သားတွေ ဘယ်လိုအခက်တွေနဲ့ ရင်ဆိုင်နေရသလဲ? “(ငါး)စျေးကမရဘူး။ တစ်ခါတလေ အသီးအရွက်လောက်တောင် စျေးမရဘူး။” (မြေပုံမြို့နယ်မှ ရေလုပ်သားတစ်ဦး)
ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေစတင်ခဲ့ချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ရေလုပ်သားတွေ အခက်ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီအချိန်တုန်းက စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်မှုနဲ့ ငါးဖမ်းထွက်ခွင့်ပိတ်ပင်မှုတွေက အဓိကအခက်တွေ့စေခဲ့တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။
ရခိုင်က ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန်၊ ကဏန်းတွေကို ရန်ကုန်၊ မန္တလေးဖြစ်တဲ့ ပြည်တွင်းဈေးကွက်ကိုသာမက တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေအထိ တင်ပို့ခဲ့ပြီး စျေးကောင်းရခဲ့ကြတယ်လို့ ရေလုပ်သားတွေက ပြောကြပါတယ်။
“အရင်ကဆိုရင် ပင်လယ်တစ်ခါထွက်ရင် အနည်းဆုံး (ကျပ်)တစ်သိန်းလောက်တော့ ရကြတာပဲ။ အဲဒီတုန်းက ကုန်စျေးနှုန်းနဲ့ဆို မိသားစုကောင်းကောင်းရပ်တည်နိုင်ခဲ့တာပေါ့လေ။ အခုက ငါးဖမ်းခွင့်မရတော့ ကြုံရာလိုက်လုပ်နေရတယ်။ မငတ်ရုံတမယ်ပဲ” လို့ စစ်တွေမြို့က အသက် ၄၅ နှစ်အရွယ် ငါးဖမ်းလုပ်သားတစ်ဦးက ပြောပါတယ်။
စစ်တွေအပါအဝင် ရခိုင်တစ်ပြည်လုံးမှာ AA နဲ့ တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရခိုင်တွေကို ငါးဖမ်းခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဧရာဝတီတိုင်းက ငါးဖမ်းဘုတ်တွေ၊ ရခိုင်က မွတ်ဆလင်တွေကို ငါးဖမ်းခွင့်ပေးထားပေမဲ့ ရခိုင်လူမျိုးတွေကိုတော့ ငါးဖမ်းခွင့်ပိတ်ပင်ထားဆဲဖြစ်ပြီး တွေ့ရှိပါက ဖမ်းဆီးရိုက်နှက်မှုတွေအထိ ပြုလုပ်ခံရလေ့ရှိတယ်လို့ စစ်တွေမြို့နယ်နေ ရေလုပ်သားတစ်ဦးက ပြောပါတယ်။ ရခိုင်လူမျိုးတစ်ဦးဖြစ်တဲ့ သူဟာ ငါးဖမ်းခွင့်မရလို့ လက်ရှိမှာ ရေရောင်းစားနေရတယ်လို့ ဆိုပါတယ်။
AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတော့ လူမျိုးဘာသာမရွေး ငါးဖမ်းခွင့်ပြုထားပေမဲ့ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့အတွက် စျေးကွက်မရှိဖြစ်နေရတယ်လို့ မြေပုံမြို့က အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်လူမျိုး ငါးဖမ်းသမားတစ်ဦးက ပြောပါတယ်။
“အခုက ငါးဖမ်းလို့ရတယ်။ နေလို့လည်းအဆင်ပြေတယ်။ စျေးကမရဘူး။ တစ်ခါတလေ အသီးအရွက်လောက်တောင် စျေးမရဘူး။ အရင်က ဒိုင်သွင်းလို့ရတယ်လေ။ အခု မရှိဘူး” လို့ သူက ပြောပါတယ်။
AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဆေးဝါး၊ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းတွေ အဆမတန်စျေးနှုန်းမြင့်တက်နေပေမဲ့ ငါး၊ ပုစွန်စျေးနှုန်းတွေကတော့ အရင်ကလောက် စျေးကောင်းမရကြဘူးလို့ သူက ဆက်ပြောပါတယ်။
အရင် ပုစွန်တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ရှိခဲ့ရာကနေ အခုအခါ ၂၅,၀၀၀ ကျပ်၊ အရင် ငါးတစ်ပိဿာကို ကျပ် ၃၀,၀၀၀ – ၄၀,၀၀၀ ကနေ အခု ၂၀,၀၀၀ ကျပ်သာ စျေးရရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်ဟာ ရေလုပ်ငန်းကို အဓိကအားထားတဲ့ ဒေသဖြစ်တာကြောင့် အခုလို ပြည်ပတင်သွင်းခွင့်နဲ့ ငါးဖမ်းခွင့်ပိတ်ပင်ခံရမှုတွေဟာ ဒေသခံတွေရဲ့ နေ့စဉ်လူနေမှုဘဝအပါအဝင် စားဝတ်နေရေးကို ထိခိုက်မှုရှိစေတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။
လက်ရှိမှာတော့ AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ငါးနဲ့ ပုစွန်ကို ပြည်ပကိုတင်သွင်းနိုင်ခြင်းမရှိသေးတာကြောင့် အရင်ကထက် ငါး၊ ပုစွန် အခြောက်ခံလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA က မြို့နယ် ၁၄ ခုအထိ ထိန်းချုပ်ထားပြီး ကျန်သုံးမြို့ဖြစ်တဲ့ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်တို့ကိုသာ စစ်ကောင်စီတို့ ထိန်းချုပ်ထားပါတယ်။ စစ်တွေမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ကျန်မြို့နယ်တွေမှာတော့ မဖြစ်သေးပါဘူး။
ဓာတ်ပုံ- ပေးပို့
ပုံစာ- ရခိုင်က ရေလုပ်သားတွေကိုတွေ့ရစဉ်(ပုံဟောင်း)