တီးတိန်က သိုင်းငင်းတပ်စခန်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာလို့ ချင်းတပ် နောက်ဆုတ် ပြန်ဝိုင်းထားလို့ စစ်ရေးတင်းမာနေ

Author ဆလိုင်း
Categories
Published on Jun 21, 2024

ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့နယ်က စစ်ရေးအရ အရေးပါတဲ့ သိုင်းငင်းတပ်စခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီက ထိုးစစ်ဆင်လာကြောင်း အဲဒီက စစ်ရေးသတင်းရင်းမြစ်တွေနဲ့ CDF-Siyin တို့ဆီကနေ သိရပါတယ်။

 

ဇွန်လ ၁၈ ရက်နေ့မှာ တီးတိန်မြို့က ကနေဒီတောင် တပ်စခန်းကိုသိမ်းလိုက်နိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၉ ရက်နေ့ကစလို့ သိုင်းငင်းတပ်စခန်းဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းကာကွယ်တပ်ဖွဲ့တွေဘက်က ခံစစ်အသွင်နောက်ဆုတ်လိုက်တဲ့အတွက် သိုင်းငင်းတပ်စခန်းကို လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ အဲဒီက စစ်ရေးသတင်းတွေသိရှိထားတဲ့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“မနေ့က တိုက်ပွဲဖြစ်တယ်။ စစ်ကြောင်းက အင်အားများတော့ CDF တွေက နောက်ဆုတ်လိုက်တာဖြစ်မယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီက စခန်းကို ပြန်သိမ်းပိုက်လိုက်တာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်က စခန်းမှာ တပ်စွဲထားတာမဟုတ်ဘဲ ရွာဘက်ကို ပြန်ဆုတ်သွားပါတယ်” လို့ သူက ဆိုပါတယ်။

 

သိုင်းငင်းတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က CDF CDM-Siyin နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာ ပြန်လည်စွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းဟာ သိုင်းငင်းစခန်း အနီးနားဝန်းကျင်မှာ ဆက်ရှိနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ CDF CDM–Siyin မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မနေ့က ထိတွေ့မှုရှိတယ်။ သိုင်းငင်းစခန်းမှာက ဘာမှမရှိပါဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလို့ စစ်ရေးပြင်ဆင်စဉ် စခန်းကနေ ဆုတ်လိုက်တယ်။ အဲဒီမှာ စစ်ကောင်စီက သိုင်းငန်းစခန်းထိ ရောက်လာတယ်။ ပြီးတော့ သူတို့ ရွာဘက်ပြန်သွားတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ပတ်လည်ဝိုင်းထားပါတယ်။ ပစ်ခတ်မှုက မရှိသေးဘူး” လို့ သူက ဆိုပါတယ်။

 

အဲဒီ စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သိုင်းငင်းကျေးရွာထဲကို ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်တာကြောင့် သိုင်းငင်းကျေးရွာ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 

တီးတိန်မြို့နယ်က PDF(Zoland) သိမ်းပိုက်ရရှိထားတဲ့ ကနေဒီတောင် တပ်စခန်းကိုလည်း စစ်ကောင်စီက ဇွန်လ ၁၈ ရက်နေ့က ပြန်လည်သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – သိုင်းငင်းကျေးရွာကို တွေ့မြင်ရစဉ်