နိုင်ငံတဝက် ဖုန်းနဲ့ အင်တာနက်လိုင်း စစ်ကောင်စီဖြတ်တောက်ထားလို့ အသံအဖွဲ့ဆို

Author ကိုထားဝယ်
Categories
Published on Jun 21, 2024

စစ်တပ် အာဏာသိမ်းလိုက်ပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ ဧရိယာ တစ်ဝက်ခန့်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေအားလုံး စစ်ကောင်စီကဖြတ်တောက်ထားတယ်လို့ အသံအဖွဲ့က ဒီနေ့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတဝှမ်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အများဆုံးဖြတ်တောက်ခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ‘အသံ’ အဖွဲ့က ဖော်ပြလာတာဖြစ်ပါတယ်။

 

အဲဒီမှာ မြန်မာနိုင်ငံထဲ မြို့နယ် ၃၃၀ အနက် ၁၆၉ မြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ အသံအဖွဲ့ရဲ့ လေ့လာချက်အရ သိရပါတယ်။

 

ဒါဟာ အနည်းဆုံး တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို ကြုံတွေ့နေရတာလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရေး လုပ်ဆောင်ပေးနေတဲ့ အသံအဖွဲ့က ဆိုပါတယ်။

 

အဲဒီထဲ PDF တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၃၃ မြို့နယ်နဲ့ အများဆုံးနေရာမှာ ရပ်တည်နေသလို သူ့ရဲ့နောက်မှာ ရန်ကုန်တိုင်းက ၂၈ မြို့နယ်နဲ့ ဒုတိယ၊ ကချင်ပြည်နယ်က ၁၈ မြို့နယ်နဲ့ တတိယ၊ ရခိုင်ပြည်နယ်က ၁၇ မြို့နယ် စတုတ္ထဆိုပြီး အစဉ်လိုက်ရပ်တည်နေပါတယ်။

 

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၅၂ ရာခိုင်နှုန်း အင်တာနက်ဖြတ်တောက်ထားသကဲ့သို့ ၃၁ ရာခိုင်နှုန်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားပါတယ်။ 2G Only Internet Network ကို ၉ ရာခိုင်နှုန်းနဲ့ ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ်(Wireless Broadband)ကို ၈ ရာခိုင်နှုန်းဖြတ်တောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ပြည်သူ့ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာပဲ တစ်နိုင်ငံလုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေအားလုံးဖြတ်တောက်ခံခဲ့ရပါတယ်။

 

အခု သုံးနှစ်ကျော်ကာလထဲမှာလည်း စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တိုင်းက အနည်းဆုံးမြို့တစ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့ အသံအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Athan အသံ