ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ဖို့လာချိန် စစ်သားတွေနဲ့ ဒေသခံတွေစကားပြောနေလို့ နှောင့်နှေးခဲ့ရလို့ဆို

Author မင်းထက်
Categories
Published on May 21, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာရှိ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီက တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့နေရာကို မေ ၁၉ ရက်က တိုက်ခိုက်ဖို့လုပ်တဲ့အခါ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်သားတွေစကားပြောနေတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

 

ပြည်သူတွေ မရှိတော့တဲ့အချိန်မှ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူထိခိုက်မှုမရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Pakokku People Defense Force – PPDF တာ၀န်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“တိုက်ခိုက်မဲ့အချိန် စကားပြောနေကြလို့ ပြည်သူတွေလွတ်မဲ့ချိန်စောင့်လိုက်ရတော့ အခက်ခဲတွေဖြစ်​ကုန်တယ်” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်မှုတွေလုပ်တဲ့အခါ အနီးအနားမှာ ပြည်သူများရှိနေတာကြောင့် တိုက်ခိုက်ဖို့အခက်အခဲဖြစ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးတယ်လို့  သိရပါတယ်။

 

အဲဒီလိုအခြေအနေကြောင့် ပခုက္ကူမြို့နယ် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်စွာနေထိုင်မှုမပြုဖို့၊ ဂိတ်တွေ၊ စခန်းတွေ၊ ကင်းစခန်းတွေနဲ့ ဝေးဝေးနေထိုင်ပေးကြဖို့ လိုက်နာမှုမရှိဘဲ ဝင်ရောက်တိုက်ခိုက်ချိန် တစ်စုံတစ်ရာထိခိုက်မှုဖြစ်ပွားခဲ့ရင် တာဝန်ယူဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ Pakokku People Defense Force – PPDF အသိပေးထားပါတယ်။

 

အခုတိုက်ခိုက်ခံရတဲ့ စစ်တပ်ဂိတ်ဟာ အင်အားကပုံမှန်မရှိပေမဲ့ အင်အားဖြည့်ထားချိန်မှာ ၁၀၀ ဦးလောက်ရှိသလို  ပုံမှန်အင်အား ၅၀ ဦးလောက်သာရှိပြီး ဆက်ကြေးတောင်းတာတွေ၊ မထင်ရင်မထင်သလို ဖမ်းဆီးရိုက်နှက်တာတွေပါ လုပ်ဆောင်နေတဲ့ဂိတ်ဖြစ်တယ်လို့ PPDF တာ၀န်ရှိသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Pakokku People Defense Force – PPDF