ဒဂုံမြို့သစ် သုံးမြို့နယ်က အဆောင်နေလူငယ်တွေကို မူးယစ်ဆေးအကြောင်းပြပြီး စစ်ကောင်စီ စစ်သားစုဆောင်းနေလို့ဆို

Author ကိုထက်
Categories
Published on May 21, 2024

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တွေဖြစ်တဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်တွေက အဆောင်နေလူငယ်တချို့ကို စစ်ကောင်စီက မူးယစ်ဆေးအကြောင်းပြပြီး စစ်သင်တန်းကို ပို့ဆောင်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်သင်တန်းကို မဖြစ်မနေခေါ်ဖို့အတွက် လူငယ်တွေဆီ မူးယစ်ဆေးဝါးတွေ့တဲ့အတွက် ဖမ်းတယ်လို့ ဖိအားပေးတာကြောင့် စစ်သင်တန်းကို လိုက်ပါရတာတွေရှိတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၅ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“လူငယ်တွေ၊ အထူးသဖြင့် ယောကျာ်းလေးတွေချည်း စုနေတဲ့အဆောင်တွေကို ဧည့်စာရင်းတွေစစ်၊ စာရင်းတွေဝင်ကောက်ပြီး သူတို့ခေါ်ချင်တဲ့သူတွေရှိရင် မူးယစ်ဆေးတွေနဲ့မိတယ်ဆိုပြီးဖမ်းတယ်။ ပြီးရင် ထောင်ထဲသွားမလား။ စစ်သင်တန်းသွားမလားမေးပြီး လူငယ်တွေကလည်း အဲဒီအခါကျ ရွေးချယ်စရာမရှိဖြစ်တယ်လေ။ ပါသွားရောပဲ” လို့ သူက ပြောပါတယ်။

 

အဲဒီလိုလုပ်ဆောင်နေတာဟာ ဒဂုံမြို့သစ်မြို့နယ်တွေ ဖြစ်တဲ့ ဆိပ်ကမ်း၊ တောင်ပိုင်းနဲ့ အရှေ့ဒဂုံမြို့နယ်တွေက အဆောင်နေလူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ခေါ်နေတာလို့ သိရပါတယ်။

 

“ဒီဘက်မှာလည်း အဲဒီလိုပဲ (WY)တွေမိတယ်ဆိုပြီး လူငယ် ဆယ်ဦးလောက်ရှိမယ်။ ညတွင်းချင်းပဲ ခေါ်သွားတာ။ ပြန်ကြားရတဲ့သတင်းအရတော့ ထောင်မကျချင်ရင် စစ်သင်တန်းကိုလိုက်ရမယ်လို့ ပြောတယ်တဲ့” လို့ တောင်‌ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် ကျေးရွာတစ်ရွာကို လူ ဆယ်ဦးအထိခေါ်ခဲ့ပြီး မြို့တွင်းက ရပ်ကွက်တွေမှာတော့ တစ်ရပ်ကွက်ကို နှစ်ဦးကနေ သုံးဦးအထိ ခေါ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီဟာ ဧပြီလမှာ စစ်မှုထမ်းသင်တန်း ပထမအသုတ်အဖြစ် လူငယ် ၅,ဝ၀ဝ ကို စစ်သင်တန်း စတင်ပေးခဲ့ပြီး ယခုမေလ ၁၄ ရက်မှာလည်း ဒုတိယအသုတ် စစ်သင်တန်းတွေကို စတင်ပေးနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

 

အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မေလ ၁၄ ရက်ကစတင်ခေါ်ယူခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းသားများ လေ့ကျင့်နေစဉ်