ပလက်ဝအထက်ပိုင်း ကျေးရွာတွေမှာ AA က စစ်သားစုဆောင်းနေလို့ လူငယ်တွေ အိန္ဒိယထဲထွက်ပြေးနေလို့ဆို AA ဖမ်းထားသူ ၉ ဦး မိသားစုနဲ့အဆက်အသွယ်ပြတ်နေ

Author ဆလိုင်း
Categories
Published on May 21, 2024

ချင်းပြည်၊ ပလက်ဝမြို့နယ်အထက်ပိုင်း ကုလားချောင်းဒေသက ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော်(AA)က စစ်သင်တန်းတက်ရောက်ဖို့ လူသစ်စုဆောင်းတာ၊ စာရင်းကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ကုလားချောင်း ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

မေလ ၉ ရက်နေ့က ကုလားချောင်းဒေသက ရွာသူ/သားတွေကို ခေါ်ယူအစည်းအဝေးလုပ်ခဲ့ပြီး စစ်သင်တန်းတက်ရောက်ဖို့ စာရင်းကောင်တာမျိုးတွေ လုပ်သွားတယ်လို့ သူက ပြောပါတယ်။

 

“သင်တန်းမတက်ချင်တဲ့ လူငယ်တွေ ရွာမှာ မနေရဲတော့ဘဲ အိန္ဒိယဘက် ထွက်ပြေးကြတယ်” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

 

AA ရဲ့ စစ်သင်တန်း မတက်ရောက်ချင်တဲ့ ကုလားချောင်းဒေသ ကျေးရွာတွေက လူငယ် အယောက် ၅၀ နီးပါးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းဆရာ ၂ ဦးအပါအဝင် ဒေသခံ ချင်းအမျိုးသား ၉ ဦးဟာ ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘဲ အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေဆီက စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ ညနေပိုင်းက ဘောင်ကူးကျေးရွာမှ ချင်းအမျိုးသား သုံးဦးနဲ့ ဘောင်ဝီးကျေးရွာမှ ကျောင်းဆရာ ၂ ဦးအပါအဝင် ချင်းအမျိုးသား ၆ ဦးကို AA ရဲဘော်တွေက လက်နက်အပြည့်အစုံနဲ့ ၎င်းတို့ရဲ့ နေအိမ်အသီးသီးမှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ အဖမ်းခံရတဲ့ မိသားစုဝင် တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“AA ရဲဘော်တွေက ညနေပိုင်းမှာ အိမ်ထဲဝင်လာပြီး စစ်ဆေးမေးမြန်းခဲ့ခြင်းမရှိဘဲ ဒီအတိုင်းဝင်ဖမ်းသွားတာပါ။ သူတို့ ဝင်ဖမ်းတုန်းက ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံနဲ့ လာဖမ်းသွားတာဖြစ်ပါတယ်။ အဖမ်းခံရကတည်းက အခုထိ ဖုန်းအဆက်အသွယ်လည်းမရ၊ ပြန်လည်းမလွတ်သေးဘူး။ စိတ်ပူတယ်။ ပြီးတော့ ဘာကြောင့် ဖမ်းတာလဲလို့လည်း ပြောမသွားဘူး” လို့ သူက ဆိုပါတယ်။

 

အဖမ်းခံရတဲ့သူတွေဟာ ဘောင်ကူးကျေးရွာမှ ဦးကျော်လှ၊ ဦးပျိုလဲ၊ ဦးအောင်ဒိုင်နဲ့ ဘောင်ဝီးကျေးရွာမှ ဦးအောင်လင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နင်း၊ ဦးကျော်ထွန်း၊ ဦးအောင်မင်း(ကျောင်းဆရာ)၊ ဦးအောင်စိုး (ကျောင်းဆရာ)တို့လို့ သိရပါတယ်။

 

အဲဒီ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး AA ဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို CJ Platform အနေနဲ့လည်း ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဘာအတွက်ကြောင့် ဖမ်းဆီးသွားတာလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

 

ချင်းပြည်နယ်၊ ပလက်ဝဒေသကို ရက္ခိုင့်တပ်တော်(AA)က မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းပိုက်ရရှိထားပါတယ်။

 

ဒါ့အပြင် AA ဟာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာလည်း ချင်းညီနောင်အဖွဲ့နဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်