လိုင်စင်မဲ့ တရားမဝင် တိုင်းရင်းဆေးထုတ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ငွေသိန်းထောင်ချီ လိမ်လည်သွားဟုဆို

Published on May 21, 2024

လိုင်စင်မဲ့ တရားမဝင် တိုင်းရင်းဆေးဝါးထုတ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ဆေးပစ္စည်းရောင်းဖို့ ကိုယ်စားလှယ်ကြေးအဖြစ် ပေးသွင်းထားတဲ့ သိန်းထောင်ချီတဲ့ငွေတွေကို ပြန်မပေးဘဲ လိမ်လည်သွားတယ်လို့ ကိုယ်စားလှယ်အဖြစ် စာရင်းပေးသွင်းထားသူတွေက ပြောပါတယ်။

 

လက်နက်မဲ့တိုက်ခိုက်ရေး ဂျူဒိုနည်းပြတစ်ဦးလည်း ဖြစ်ဖူးသူ မခင်ချမ်းမြေ့သူဟာ Chan Body Art အမည်နဲ့ တရားမဝင် တိုင်းရင်းဆေးဝါးတွေကို ထုတ်လုပ်ပြီးတော့ သူ့ဆီကနေ ကိုယ်စားလှယ်ယူရောင်းချဖို့ အမျိုးသမီး ၄၀၀ကျော်ကို စည်းရုံးကာ ကိုယ်စားလှယ်ကြေး ပေးသွင်းစေပြီးနောက် အခုလို လိမ်လည်သွားခဲ့တာလို့ ဆိုပါတယ်။

 

Chan Body Art အမည်နဲ့ ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေဟာ တရားဝင် မှတ်ပုံတင်ထားတာ မရှိဘဲ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနကလည်း ဧပြီလ ၂ရက်နေ့ အများပြည်သူ သုံးစွဲဖို့ မသင့်တော်ဘူးလို့ သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

“ သူက ကြေညာတယ် ကိုယ်စားလှယ်မလုပ်ချင်သူတွေထွက်ချင်ရင် ထွက်ကြပါ သူ့ဆီက ဝယ်ရောင်းပဲလုပ်ကြပါဆိုလို့ ကျွန်မတို့က ထွက်ခဲ့တာ ဆေးလည်း မရဘူး ငွေလည်း မရဘူး လေးလကျော်ပါပြီ ကိုယ်စားလှယ်ကြေး ၁၁ သိန်းသွင်းရင် လစဉ် နှစ်သိန်းပေးမယ်လို့ သူ ကတိစကားပြောပြီး လုပ်ခဲ့တာပါ ကျွန်မတို့က လစဉ် မုန့်ဖိုးနှစ်သိန်း ပေးပါမယ်လို့ သူဆွယ်ပြီးခေါ်တာ ခုကျ ကျွန်မတို့ သွင်းထားတဲ့ ၂၂ သိန်းတောင် မပေးသေးပဲ ကျွန်မတို့ကို ဖြုတ်ချတဲ့အတွက် ထွက်ခဲ့တာပါ” လို့ ကိုယ်စားလှယ်အဖြစ် စာရင်းပေးသွင်းခဲ့သူ တစ်ဦးက ပြောပါတယ်။

 

Chan Body Art ကထုတ်လုပ်တဲ့ ဆေးဝါးတွေအတွက် ကိုယ်စားလှယ်ရယူပြီး ဖြန့်ဖြူးလိုပါက ဦးစွာ ၁၁သိန်းကျပ် ပေးသွင်းပြီးနောက် လတိုင်း မုန့်ဖိုး ၂သိန်းကျပ် ပြန်ပေးမယ်လို့ ဆွဲဆောင်ကာ ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ချိန်မှာလည်း ပေးသွင်းထားတဲ့ ၁၁သိန်းကျပ်ကို ပြန်လည်ပေးမယ်လို့ မခင်ချမ်းမြေ့သူ ပြောဆိုခဲ့ပေမယ့် ပြန်လည် မပေးခဲ့ဘူးလို့ ဆိုပါတယ်။

 

“ သူ့ကိုနဂိုကတည်းက လေးစားတယ် အားကျတယ် အမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုတွေ လုပ်နိုင်တယ်ဆိုပြီး ကိုယ်စားလှယ်မလုပ်ချင်ရင် အချိန်မရွေးထွက် ထွက်တဲ့အချိန် ကိုယ်စားလှယ်ကြေး ၁၁ သိန်းကျပ်ကိုပြန်ပေးမယ် ခုကျ သူကိုယ်တိုက် Live လွှင့်ပြီး နင်တို့ပိုတဲ့ငွေတွေ ပြန်မပေးတော့ဘူး အလှူလုပ်လိုက်ပြီလို့ ပြောတယ်” လို့ ကိုယ်စားလှယ် နောက်တစ်ဦးက ပြောပါတယ်။

 

ကိုယ်စားလှယ် အမျိုးသမီး တစ်ချို့ နုတ်ထွက်ပြီး နှစ်လခန့် အကြာမှာ ပေးသွင်းထားတဲ့ ငွေကြေးတွေပြန်လည်ရရှိခဲ့တာ ရှိခဲ့ပေမယ့် အားလုံးကို ပြန်မပေးဘဲ ကိုယ်စားလှယ်တွေကိုသာ စုဖွဲ့ထားတဲ့ Group ကိုပါ ဖျက်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

 

အခုလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မခင်ချမ်းမြေ့သူကို CJ Platform ကနေ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။