ပုလဲရှိ မီးဘေးသင့်ပြည်သူ ၅၀ဝ ကျော် ပြန်လည်ထူထောင်ရေး စတင်လုပ်ဆောင်

Author မင်းထက်
Categories
Published on Apr 21, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အိုင်ရောင်းကျေးရွာက မီးဘေးသင့်ပြည်သူ ၅၀ဝ ကျော် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာရှိနေသည့်ကြားမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာတာဝန်ခံက CJ Platform သို့ပြောသည်။

 

အဆိုပါရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မီးဖိုအနီးရှိ ဂက်စ်မီးခြစ် မီးလောင်ပေါက်ကွဲရာမှတစ်ဆင့် လောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၁၅ လုံး၊ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မိသားစုဝင် ၅၂၀ ကျော် မီးဘေးသင့်ခဲ့ရသည်။

၎င်းတို့အနေဖြင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပြီး နေရေးအတွက် ယာယီအိမ်များ ဆောက်လုပ်ပေးရန် ပြင်ဆင်လျက်ရှိကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

 

“သူတို့မှာ အားလုံးက မီးလောင်ဆုံးရှုံးသွားတော့ အရာခပ်သိမ်းကတော့ လိုနေတာပေါ့ဗျာ။ မီးဖိုချောင်ပစ္စည်း၊ အိုးအိမ်ထူထောင်ရေးအစ၊ အဝတ်အစား၊ အစားသောက်အားလုံးပေါ့။ နောက်ပြီးတော့ တောင်သူသုံး ကိရိယာတွေရောပေါ့နော်။ သူတို့တွက် ကျွန်တော်တို့ဘက်ကနေ ယာယီအိမ်တည်ဆောက်ဖို့ရာတော့ ဝါးတွေ၊ မျောတွေတော့စတင်ဆောင်ရွက်နေပါပြီ” ဟု ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံက ပြောသည်။

 

မီးလောင်မှုကြောင့် နေအိမ်အပြင် အသုံးအဆောင်ပစ္စည်းများ၊ ရိတ်သိမ်းထားသော စပါး၊ ပဲ၊ ဂျုံ၊ ကြက်သွန်များနှင့် သီးနှံအများအပြားလည်း ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။

 

၎င်းတို့ပြန်လည်ထူထောင်နိုင်ရေး ဒေသတွင်းအရပ်ဘက်အလှူရှင်များ၊ မြို့နယ်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ပေးနေသော်လည်း လိုအပ်ချက်အများအပြားရှိနေဆဲဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံမှ သိရသည်။

 

လက်ရှိ မီးဘေးသင့်ပြည်သူများသည် မီးမလောင်ဘဲ ကျန်ခဲ့သည့်အိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေကြသကဲ့သို့ အချို့မှာ ဆွေမျိုးသားချင်းများ၏ လာရောက်ခေါ်ဆောင်ရာ အနီးနားရှိ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြရသည်။

 

၎င်းတို့အတွက် နေ့စဉ်စားသောက်ရန် အိုင်ရောင်းရွာ ဘုန်းကြီးကျောင်းထိုင် ဦးဆောင်ပြီး ခရိုင်/မြို့နယ် ပအဖ၊ ပလဖ၊ ပကဖ၊ လူသားစာနာအဖွဲ့တို့က ကျွေးမွေးကူညီပေးထားသကဲ့သို့ အနီးဝန်းကျင် ကျေးရွာနေပြည်သူများကလည်း ထမင်းထုပ်များ အလှည့်ကျပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

မီးဘေးသင့်ပြည်သူများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် မည်သည့်ပစ္စည်းမျှ မရရှိလိုက်သောကြောင့် လိုအပ်များကို လှူဒါန်းငွေထဲမှ ဝယ်ယူလှူဒါန်းပေးခဲ့ကြောင်း ပုလဲမြို့နယ် ပအဖထံမှ သိရသည်။

 

ထို့ကြောင့် မီးဘေးသင့်ပြည်သူတွေအတွက် ပုလဲ ပအဖအပါအဝင် အခြားသော အလှူရှင်များ၏ အလှူငွေ ကျပ် ၇၃ သိန်းကျော်အတွင်းမှ မီးဘေးသင့်အိမ်ထောင်စု ၁၁၅ စုအတွက် စားသုံးဆီ ၁၁ ပုံး၊ ပုဆိုး ၁၁၅ ကွင်း၊ ထဘီ ၁၁၅ ကွင်းနှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကိုလည်း ဝယ်ယူပြီး အိုင်ရောင်းရွာ မီးဘေးသင့် ကူညီကယ်ဆယ်ရေးကော်မတီထံ ပေးအပ်ခဲ့ကြောင်း ပအဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဓာတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Related News

Depend on news