“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ” (ဧပြီ ၁၄ မှ ၂၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Apr 21, 2024

ယခုအပတ် (ဧပြီ ၁၄ မှ ၂၀ ရက်အထိ)အတွင်း ကမ္ဘာ့ကြီးထဲ အီရန်-အစ္စရေး အပြန်အလှန် တိုက်ခိုက်ကြတဲ့ သတင်းတွေနဲ့အတူ G7 ထိပ်သီးအစည်းအဝေးအကြောင်း၊ စင်ကာပူဝန်ကြီးချုပ် အနားယူတော့မယ်ဆိုတဲ့ သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

“အပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့ အီရန်-အစ္စရေး”

 

အီရန်နိုင်ငံက အစ္စရေးနိုင်ငံထဲကို ဧပြီ ၁၄ ရက် တနင်္ဂနွေနေ့က ဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ အဝေးထိန်းဒရုန်းတွေနဲ့ မစ်ဇိုင်းဒုံး ၃၂၀ ကို အစ္စရေးဘက်က ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပစ်မှတ်တွေကို မထိခိုက်ခဲ့ပါဘူး။

 

အီရန်က ပစ်လွှတ်လိုက်တဲ့ လက်နက် ၉၉ ရာခိုင်နှုန်းကို အမေရိကန်နဲ့ အခြားမိတ်ဖက်အဖွဲ့တွေရဲ့ အကူအညီနဲ့  ကြားဖြတ် ဟန့်တားနိုင်ခဲ့တာပါ။

 

“အီရန်တိုက်ခိုက်မှုက အောင်မြင်မှုမရခဲ့ပါဘူး” လို့ အစ္စရေးကာကွယ်ရေးတပ် ဗိုလ်မှူး ပီတာ လာနာက ပြောခဲ့ပါတယ်။

 

ဒါဟာ ဧပြီလ ၁ ရက် အီရန်ဗိုလ်မှူးကြီး နှစ်ဦးသေဆုံးခဲ့ရတဲ့ ဆီးရီးယားနိုင်ငံ၊ မြို့တော် ဒမတ်စကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံရမှုကို အီရန်ဘက်က လက်တုံ့ပြန်တိုက်တာလို့ဆိုကြပါတယ်။

 

အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့လက်နက်တွေထဲ ပေါက်ကွဲရေးဒရုန်းယာဉ် ၁၇၀၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ၁၂၀၊ ခရုဇ်ဒုံးကျည် ၃၀ တို့ပါဝင်ပြီး အများစုက အီရန်နိုင်ငံထဲကလာတာလို့ဆိုသလို တချို့ကတော့ အီရတ်နဲ့ ယီမင်နိုင်ငံအခြေစိုက် အီရန်စစ်သွေးကြွတွေက ပစ်လွှတ်လိုက်တာလို့လည်းပြောနေကြပါတယ်။

 

အီရန်ရဲ့တိုက်ခိုက်မှုကို အစ္စရေးဘက်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံ အစ်ဖာဟန်ပြည်နယ် (Isfahan)ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

ဒါကြောင့် အီရန်နိုင်ငံမှာ လေယာဉ်ပျံသန်းမှုတွေကို ပိတ်ထားခဲ့ရပါတယ်။

 

အစ်ဖာဟန်ဒေသဟာ အီရန်ရဲ့ အနုမြူထုတ်လုပ်ရေးကြိုးပမ်းနေတဲ့စက်ရုံတွေ တည်ရှိတဲ့ဒေသဖြစ်တဲ့အလျောက် အီရန်နိုင်ငံရဲ့ အနုမြူစက်ရုံတွေကို တိုက်ခိုက်လာရင်၊ အစ္စရေးရဲ့ အနုမြူပစ်မှတ်တွေကို တန်ပြန်တိုက်ခိုက်မယ်လို့ အီရန်ဘက်က သတိပေးပါတယ်။

 

ဒီလို အီရန်-အစ္စရေး အပြန်အလှန်တိုက်ခိုက်နေတဲ့အချိန်မှာပဲ အစ္စရေးမဟာမိတ် အမေရိကန်ပြည်ထောင်စုက အီရန်ကို စစ်လက်နက်ပံ့ပိုးတဲ့ လူပုဂ္ဂိလ်နဲ့ လုပ်ငန်းတွေကို ဧပြီ ၁၈ ရက် ကြာသာပတေးနေ့က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

 

“ဒီတိုက်ခိုက်မှုကိုအနိုင်ယူနိုင်ဖို့ ကျနော်တို့ ကူညီပေးခဲ့ပါတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်အပေါ်အရေးယူခဲ့တဲ့ထုတ်ပြန်ချက်ထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

****************************************

 

“အီတလီက G7 အစည်းအဝေး”

 

G7 ခေါ် စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီတလီနိုင်ငံ Capri ကျွန်းမှာ ဒီတစ်ပတ် ဧပြီ ၁၇ ရက် ဗုဒ္ဓဟူးနေ့ကစလို့ ဧပြီ ၁၉ ရက် သောကြာနေ့အထိ သုံးရက်ကြာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်ကြား တင်းမာမှု၊ ဂါဇာစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေက အစည်းအဝေးရဲ့ အဓိက ဆွေးနွေးစရာ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ကနေဒါ နဲ့ ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာပါ။

 

အလှည့်ကျ သဘာပတိ အီတလီ က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလျော့ရေးကို ပြောပါတယ်။

 

အိမ်ရှင်အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီကတော့ “G7 အဖွဲ့ ဟာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရပါမယ်” လို့ ဆိုပါတယ်။

 

သူတို့ဟာ ဗုဒ္ဓဟူးနေ့က အီရန်နဲ့ ဂါဇာအရေး ဆွေးနွေးခဲ့ကြပါတယ်။ နောက် ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

 

ကြာသာပတေးနေ့ ဆွေးနွေးပွဲကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာ Dmytro Kuleba နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုတန်ဘတ် Jens Stoltenberg တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

****************************************

 

“သက်တမ်းမကုန်ခင် ရာထူးကဆင်းတဲ့ စင်္ကာပူဝန်ကြီးချုပ်”

 

ကြာရှည်အာဏာရထားတဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ သူ့ဝန်ကြီးချုပ် သက်တမ်းမကုန်ခင်မှာပဲ ရာထူးကနေဆင်းပေးတော့မယ့်အကြောင်း ဧပြီ ၁၅ ရက် တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

 

တိုးတက်တဲ့နိုင်ငံလည်းဖြစ်၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်း နာမည်ရတဲ့ လီရှန်လွန်းအနားယူမယ်လို့ ကြေညာခဲ့ချိန် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေအပါအဝင် စင်္ကာပူပြည်သူတွေလည်း အံ့အားသင့်ခဲ့ရပါတယ်။

 

စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် လီကွမ်းယု Lee Kuan Yew ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် လီရှန်လွန်းဟာ အသက် ၅၂ နှစ်အရွယ် ၂၀ဝ၄ ခုနှစ် သြဂုတ်လတုန်းက ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

အခုအသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်္ကာပူ ဝန်ကြီးချုပ်ဟာ မေလ ၁၅ ရက်နေ့မှာ ရာထူးကအနားယူမှာဖြစ်ပြီး သူ့နေရာကို ဒုတိယဝန်ကြီးချုပ် လော်ရန့် ဝေါင်းကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်လည်းယူထားတဲ့ ဝေါင်းကို သူ့နေရာဆက်ခံဖို့ သမ္မတဆီ တင်ပြပေးသွားမှာဖြစ်ပါတယ်။

 

ဒုဝန်ကြီးချုပ်ဟာ စင်ကာပူရဲ့ နှစ်ရှည်အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ(PAP) လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံမှုကိုရထားတာပါ။ သူဟာ မေလ ၁၅ ရက်နေ့မှာပဲ ကျမ်းသစ္စာကျိန်ဆိုမှာပါ။ အသက် ၅၁ နှစ်အရွယ် ဝေါင်းဟာ  အမေရိကန် ဝစ်စကွန်စင်တက္ကသိုလ်၊ မီချီဂန်တက္ကသိုလ်နဲ့ ဟားဗက် တက္ကသိုလ်တို့က ဘွဲ့ရဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ စင်္ကာပူ ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

 

အခုလက်ရှိ  ဘဏ္ဍာရေးဝန်ကြီးတာဝန်ပါယူထားတဲ့ Wong က ဒုတိယဝန်ကြီးချုပ်နေရာကို ၂၀၂၂ ခုနှစ်မှာ စပြီးတာဝန်ယူခဲ့တာဖြစ်ပါတယ်။