အညာနွေပူမှာ PDF ရဲဘော်တွေ ဘယ်လိုဖြတ်သန်းနေရသလဲ

Author မင်းထက်၊ Gold
Categories
Published on Apr 20, 2024

အားလုံးပဲ ဒီနှစ်နွေရဲ့ အပူဒဏ်ကို ကြုံတွေ့ခံစားနေရမှာပါ။ မီးကပျက် နေကပူ ပူလောင်တဲ့ နွေရာသီကို အမြန်ဆုံး ကုန်ဆုံးစေချင်ပြီလို့ ထင်ပါတယ်။ နေအိမ်အတွင်းမှာ ကြုံတွေ့ရတဲ့ အပူဒဏ်နဲ့ အညာလိုဒေသရဲ့ အပူဒဏ် ဘယ်ဟာက ပိုများနိုင်ပါသလဲ။ အညာနွေပူမှာ အေးရိပ်တဲ့ သစ်ပင်ရိပ်အောက် အနားယူမအိပ်စက်နိုင်တဲ့ သူတွေရှိနေပါတယ်။ သူတို့ကတော့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေပါပဲ။ သူတို့ အညာနွေကို ဘယ်လိုဖြတ်ကျော်နေရသလဲ CJ Platform ရဲ့ ဒီတစ်ပတ် “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ”ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ညနေ့ခင်းဆို အောက်ကလဲ ပူထားတော့ အထက်ကလဲ ပူဆိုတော့ အရမ်းပင်ပန်းကြတယ်”

 

ရွှေဘိုမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး

 

နေက အရမ်းပူတယ် အပြင်တောင် သိမ့်မထွက်ရဲဘူး။ လေပိတ်တဲ့ရက်တွေဆို နေရထိုင်ရ အရမ်းခက်တယ် နေစရာထိုင်စရာမရှိ ပူအိုက်နေတာ။ကျွန်တော်ဆို နေပူထဲထွက်ရင် မျက်နှာတစ်ခုလုံး နီရဲလာတယ် ယူနီဖောင်းနဲ့ ကျည်ကာအင်္ကျီတွေ ၀တ်ထားရင် ပိုဆိုးပေါ့ အရမ်းပူတယ် အပြင်ကပူတာနဲ့ ဒီ၀တ်စုံတွေကြောင့်ရယ်နဲ့။ ပြီးတော့ လေ့ကျင့်ရေးလုပ်ရတာဆို မနက်ခင်းက အရမ်းမပူသေးလို့ အဆင်ပြေတယ်ဗျ။ ညနေ့ခင်းဆို အောက်ကလဲ ပူထားတော့ အထက်ကလဲ ပူဆိုတော့ အရမ်းပင်ပန်းကြတယ်။ မျက်စိကြိမ်းတာတွေလဲဖြစ်တယ်။ မစ်ရှင်တွေမှာဆိုရင်တော့ အဓိကအားဖြင့်တော့ ကင်းပုန်းနေရာယူရပြီဆို အရိပ်ရတဲ့နေရာရှိရင် ကပ်နေလို့ရသလို မရှိတဲ့နေရာတွေမှဆို ဦးထုပ်တစ်လုံးနဲ့ အပူဒဏ်ခံပီး စောင့်ဆိုင်းရတဲ့အချိန်တွေရှိတယ်။

****************************************

 

“ကိုယ့်အိမ်ကိုယ့်ယာမှာပဲ အေးအေးဆေးဆေး အနားယူချင်တဲ့ စိတ်လေး ပေါ်ပေါ်လာတယ်”

 

စစ်ကိုင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး

 

အညာလေ ပုံမှန်ရာသီတွေတောင် ပူတယ်ကွာ ခုနွေဆိုတော့ တော်တော်ကိုပူတယ်။ အပူဒဏ်ကိုတော့ ခံနိုင်ပါတယ် ဒါပေမဲ့ ဒီရက်တွေ အပူက အပူခံနိုင်တဲ့ ဒို့တွေကို ဘယ်လိုပြောမလဲ ဒဏ်မခံနိုင်လောက်အောင်ကို ပူစပ်စပ်ကြီး။

အပူဒဏ်ကဘယ်လောက်ရှိရှိ ဂရုစိုက်မနေနိုင်တော့ဘူး နေ့ခင်းခရီးထွက်ရမယ် လမ်းကြောင်းရှိတယ်ဆို ထသွားရတာ။ မင်းဘာသာမင်း ဘယ်လောက်ပူနေနေ ထွက်ရသွားရမဲ့လမ်းကြောင်း သွားရတာပဲ။ အဓိက ကျွန်တော်တို့က ဆိုင်ကယ်တွေသုံးတော့ အရှိန်ပြင်းလေ လေကပူလေ မျက်နှာတွေဆိုလဲ စပ်ဖျင်းကြီး လီဘာကိုင်ရတဲ့လက်ဆို တွက်ကြည့်လိုက် ပူကျက်နေတာပဲ။

တစ်ခါတစ်လေတော့ ပင်ပန်းတယ် တာ၀န်တွေရယ် ပိုဆိုးတာက အရမ်းပူတဲ့ နေ့လယ်ပိုင်းတွေ  ပင်ပန်းနွမ်းနယ်တယ်၊ နေရာတာလဲ လုံခြုံတဲ့နေရာတစ်ခု တောထဲ ဘယ်လောက်အပင်တွေ အုပ်စိုင်းနေနေ လေပူတွေဝေ့လာရင် နေပူမှာလမ်းလျောက်နေရတာထက်ကို ဆိုးတယ် ။ ကိုယ့်အိမ်ကိုယ့်ယာမှာပဲ အေးအေးဆေးဆေး အနားယူချင်တဲ့ စိတ်လေး ပေါ်ပေါ်လာတယ်။ မနက်ပိုင်း ထရိန်နင်လုပ်ရင် အရင်ထက်ပိုပန်းတာမျိုးဖြစ်တယ် ၊ လုပ်နေကြဆိုပေမဲ့ ဒီအပူရှိန်ကြောင့် ပင်ပန်းစေတာဖြစ်တယ်။ မစ်ရှင်လိုက်ရတဲ့ အချိန်ဆိုရင်တော့ နေရာယူရမဲ့ဟာနဲ့ဆိုင်တာပေါ့လေ စောင့်နေရဟာတွေဆို အရိပ်ရှိလဲ အရိပ်လေးခိုကပ်ပြီး စောင့်ရတယ် ၊ နေပူကြဲကြဲလဲနေရတာပဲ ဒီလုပ်ဆောင်ရမဲ့အပေါ်မှာပဲရှိတော့ ဘယ်လောက်ပူပူအဲ့ချိန်ကတော့ စိတ်ထဲမထားဘူး။

****************************************

 

“ရေကလည်းရှားပြီး လူအင်အားကများ​တော့ ရေကိုအချိန်နဲ့ချိုးရတယ်”

 

ပဲခူးတိုင်း အနောက်ခြမ်းမှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး

 

ရာသီဥတုကတော့ အညာနွေဆိုတော့ ပူချက်ကတော့ ရက်စက်တယ်။ အင်္ကျီတောင် မကပ်ချင်လောက်အောင်ပူတယ် အရိပ်ထဲထိုင်နေရင်တောင် ချွေး တဒီးဒီးကျရတယ်ဗျာ။ အဲ့လို အချိန်မှာ ၀တ်စုံပြည့် ကျည်ကာသာ၀တ်လိုက်ရင် ပိုဆိုးတာပေါ့ဗျာ ပူလောင်နေတာ။

နေထွက်ချိန်ကစပြီး နေ၀င်ချိန်အထိ ပူနေတာ ပူတာမှာ ပူပြီးစပ်နေတာပဲ အသားတွေ။ ဒါပေမဲ့ အညာသားတွေပဲ ဒီလောက်ကတော့ ခံနိုင်ရည်ရှိကြပီးသားဗျ။ အဲ့ဒဏ်ကိုတော့ ခံနိုင်ကြတယ်။

မစ်ရှင်လုပ်ဖို့ မရှိသေးတဲ့ အချိန် တခြားအချိန်လေးတွေတော့ စခန်းမှာ နေကြတယ်ဗျ။ အညာမှာက အေးခွင့်မပေးထားသလားပဲ ပူတာက လက်ကုန်ပဲ။

ပြီးတော့ မစ်ရှင်လုပ်တဲ့အချိန်ကတော့ အပူဒဏ်ခံရတာပဲဗျ။ တစ်ခါတစ်လေ ခေါင်းအဆောင်းလေးနဲ့ နေပူခံပြီး ဆောင်ရွက်ရတာတွေလဲ ရှိတယ်။

စိတ်ထဲမှာ တော်လှန်ရေးအမြန်ပြီးဖို့နဲ့ လုပ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ အမြဲပါဝင်နိုင်ဖို့ပဲ ခံယူထားတယ် လုပ်နိုင်သလောက် အမြဲကြိုးစားပြီး အလုပ်လုပ်နေမယ်လို့ စွဲထားတော့ ဘယ်လိုအရာမှတော့ မတားနိုင်ပါဘူး။

 

ရေကလည်းရှားပြီး လူအင်အားကများ​တော့ ရေကိုအချိန်နဲ့ချိုးရတယ် အမျိုးသမီးတွေကို ဦးစားပေးရတာပေါ့ အလှည့်ကျ စနစ်နဲ့ ချိုးရတာ သုံးရက်တစ်ခါ အလှည့်ကျနဲ့ ချိုးကြတယ် ဆပ်ပြာကတော့ ကုန်ရင်ထုတ်ပေးတယ် ပြတ်တဲ့အခါတွေလည်းပြတ်ပေါ့ လုပ်စရာရှိရင် ပူတဲ့အချိန်လည်း မနားရဘူး တအားပူနေမှန်းသိပေမယ့် လုပ်ရတာပဲ တောမီးကလည်းလောင်ထားတာ နေ့ခင်းပိုင်းဆို ပူလည်း ဘားတိုက်တွေထဲနေရတာပဲ ရေကလည်း စိမ့်စမ်းရေကိုပဲ ရေတာရှည်အောင် လုပ်သုံးရတာပေါ့။