FBI က နိုင်ငံထဲအထိ ဝင်ရောက် နှိမ်နင်းမယ်လို့ ပြောပြီးနောက် စစ်အုပ်စုက ကျားဖြန့်တွေကို ပိုအဖမ်းပြ

Author CJ Platform
Categories
Published on Mar 21, 2026

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထဲမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေ အမြစ်ပြတ်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေထဲအထိ ဝင်ရောက်နှိမ်နင်းသွားမယ်လို့ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ဒါရိုက်တာ Kash Patel က အခု မတ် ၁၉ ရက်မှာ ပြောကြားခဲ့ပြီးနောက် စစ်အုပ်စုက ကျားဖြန့် နှိမ်နင်းဖမ်းဆီးမှုတွေကို ပိုမိုလုပ်ဆောင်ပြလာပါတယ်။

 

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့နဲ့ တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၈၅ ဦးကို မနေ့က မတ် ၂၀ ရက်မှာ ကျားဖြန့် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

 

မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နဲ့ စွမ်စော်ရပ်ကွက်တွေထဲမှာရှိတဲ့ ကျားဖြန့်နေရာကို စစ်အုပ်စုက မနေ့က မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးချိန် တရုတ်နိုင်ငံသား ၈၅ ဦးနဲ့အတူ ဖုန်းမျိုးစုံ ၄၁၇ လုံး၊ ကွန်ပျူတာ ၅၈ လုံး၊ လက်ပ်တော့ ကွန်ပျူတာ ၂၈ လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မနေ့က ညနေပိုင်းက လဲချားမြို့နယ်၊ ကောင်းစံရွာအနီးက အဆောက်အအုံ ၁၀ နေရာကို ဝင်ရောက်စီးနင်းချိန် စတားလင့်ခ် (Starlink) ၁၀ လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

 

လဲချားမြို့နယ်အတွင်းက အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းချိန် ကျားဖြန့် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပြီး ကျားဖြန့်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးရမိတဲ့ အခြေအနေကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

 

ဒါ့အပြင် မနေ့က နေ့လယ်ပိုင်းကလည်း မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်းမှာ ကျွန်းတောလမ်း၊ အထည်ချုပ်စက်ရုံဟောင်းတစ်ခုထဲက တရုတ်နိုင်ငံသား အမျိုးသား ၆၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါသေးတယ်။

 

ဒါဟာ ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေထဲထိ ဝင်ရောက်နှိမ်နင်းမှုတွေ လုပ်ဆောင်မယ်လို့ FBI က ပြောကြားထားသလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခြေစိုက်ပြီး အရှေ့တောင်အာရှဒေသထဲက ကျားဖြန့်တွေကို နှိမ်နင်းသွားမယ်လို့ ပြောကြားထားချိန် စစ်ကော်မရှင်က ကျားဖြန့် နှိမ်နင်းမှုတွေကို မြို့ပေါ်တွေအထိပါ လုပ်ဆောင်ပြနေတာလည်း ဖြစ်ပါတယ်။

 

FBI ဒါရိုက်တာရဲ့ ပြောကြားချက်အရ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်တွေမှာရှိတဲ့ ကျားဖြန့်ဝင်းနေရာတွေကို ဒေသတွင်းနိုင်ငံတွေနဲ့အတူ နှိမ်နင်းနိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် ကျားဖြန့် အမြစ်ပြတ်ဖို့ဆိုရင် လိုအပ်ပါက ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံတွေထဲအထိ ဝင်ရောက်နှိမ်နင်းသွားမှာဖြစ်တယ်လို့ မတ် ၁၉ ရက်က အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ကြားနာပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro SAC

 

Related News

Depend on news