အနာဂတ်မျိုးဆက်သစ် စွမ်းအင်ဖူလုံရေး ခေါင်းစဉ်တပ်ကာ မြစ်ဆုံစီမံကိန်းကို ပူးပေါင်းပါဝင်ဖို့ စစ်အုပ်စု စည်းရုံး
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေတဲ့ စစ်အုပ်စုဟာ စီမံကိန်းကရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် စွမ်းအင်ဖူလုံစေဖို့ ကြိုတင်ပြင်ဆင်ရခြင်း ဖြစ်တယ်လို့ ဦးတင်အောင်ဆန်းက ဝါဒဖြန့်ပြောကြားမှုကို စစ်အုပ်စုပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ မနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ စစ်အုပ်စုရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်စန်းက ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မြစ်ဆုံလျှပ်စစ်စီမံကိန်းဟာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ လူမှုစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက် ရရှိစေနိုင်မယ်လို့ ဆိုထားပါတယ်။
ရေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်ရေးကာလဟာ ၅ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်နိုင်တာကြောင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် စွမ်းအင်ဖူလုံစေဖို့ ကြိုတင်ပြင်ဆင်ရခြင်းဖြစ်ကြောင်းနဲ့ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ လျှပ်စစ်ဓာတ်အားဟာ အဓိကဖြစ်တာကြောင့် အခုစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံက အဓိက အကျိုးဖြစ်ထွန်းစေမယ့် ဒီ မြစ်ဆုံစီမံကိန်းကို စစ်အုပ်စုအနေနဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေဖို့အတွက်သာ ဦးစားပေးသွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပြီး အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ဝိုင်းဝန်းပူးပေါင်းကြဖို့ တိုက်တွန်းခဲ့တယ်လို့ စစ်အုပ်စုပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။
စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ငလျင်အန္တရာယ် စိုးရိမ်ပူပန်မှုတွေအပေါ် ပညာရှင်အဖြစ် ဖိတ်ကြားခံရသူ ဒေါက်တာအေးလွင်က ငလျင်ဒဏ်ခံ တမံဒီဇိုင်း၊ စစ်ကိုင်းပြတ်ရွေ့နဲ့ ငလျင်အခြေအနေတွေ၊ မန္တလေးငလျင်အပြီး မန္တလေးနဲ့ နေပြည်တော်ဒေသရှိ ပြည်တွင်းတမံတွေရဲ့ အခြေအနေတွေကို ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကလည်း အခုတည်ဆောက်မယ့် တမံမှာ ရစ်ခ်တာစကေး ၈ မဂ္ဂနီကျူအထိ ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းအနေနဲ့ တည်ဆောက်သွားမှာ ဖြစ်ကြောင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ ဖြစ်ပေါ်လာမယ့် စက်တပ်ဆင်အင်အား၊ ထုတ်လုပ်နိုင်မယ့် ဓာတ်အားနဲ့ ထုတ်လုပ်ပေးရမယ့် နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံတွေအနေနဲ့ ပြန်လည်လက်ခံ ပူးပေါင်းပေးဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့နဲ့အတူ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် အရေးယူမယ်ဆိုတဲ့ အမိန့်ကြေညာစာတွေကို ထုတ်ပြန်လာတာတွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံများ ဆန္ဒထုတ်ဖော်နေကြပုံ (ပုံဟောင်း၀
