မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့တာ ယာယီရပ်ဆိုင်းဖို့ ကမ္ဘာ့ဘဏ်ကို အမေရိကန် ဖိအားပေး
မြန်မာနိုင်ငံကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ထောက်ပံ့ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေတွေကို ယာယီရပ်ဆိုင်းထားဖို့ အမေရိကန်က ကမ္ဘာ့ဘဏ်ကို ဖိအားပေး ပြောဆိုခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်အုပ်စုဆီ ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေစီးဆင်းမှုတွေ ရပ်တန့်ဖို့အတွက် အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အခုလို တောင်းဆိုမှုတွေ ရှိလာတာပါ။
ကမ္ဘာ့ဘဏ် လက်အောက်မှာရှိတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးဘဏ် (IBRD) ကနေ မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးထောက်ပံ့တာနဲ့ ချေးငွေ အစီအစဉ်သစ်တွေ ချမှတ်ပေးနေတာ ရပ်တန့်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ဩဇာအာဏာကို အသုံးပြု ဖိအားပေးဖို့ အောက်လွှတ်တော်အမတ် နစ်ကီမာ ဝီလီယမ် က လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။
ဒီအစီရင်ခံစာကို ရီပတ်ဘလီကင် လွှတ်တော်အမတ် နစ်ကီ ဝီလီယမ် နဲ့အတူ ကယ်လီဖိုးနီးယား ပြည်နယ် ရီပတ်ဘလီကင် လွှတ်တော်အမတ် ယန်ကင်းမ် တို့က အောက်လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ထောက်ခံမဲ ၃၈၅ မဲ၊ ကန့်ကွက်မဲ မရှိအတည်ပြုခဲ့တာပါ။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးရဲ့ ဩဇာကို အသုံးပြုပြီး ကမ္ဘာ့ဘဏ်ရဲ့ အမေရိကန် အမှုဆောင်ဒါရိုက်တာကို ညွှန်ကြားခိုင်းစေနိုင်တယ်လို့ ပြောကြားထားပါတယ်။
ဒါဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုဆီ စီးဆင်းနေတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့အတွက် အမေရိကန်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က မြန်မာနိုင်ငံကို ဒီမိုကရေစီ စံတန်ဖိုးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ IBRD ကနေတဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုနဲ့ ချေးငွေ အစီအစဉ်သစ်တွေ ၂၀၁၂ ခုနှစ်ကတည်းက ထောက်ပံ့ပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရက ထောက်ပံ့ပေးထားတဲ့ ရန်ပုံငွေအများစုကို ရပ်ဆိုင်းခဲ့ပြီး အခုတစ်ကြိမ် IBRD ကနေ ထောက်ပံ့မှုတွေကိုပါ ရပ်ဆိုင်းဖို့အတွက် အမေရိကန်အစိုးရက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုအချို့ကတော့ ဆက်ရှိနေဆဲလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Anna Moneymaker/Getty Images
