ရန်ကုန်မှာ စစ်မှုထမ်းအတွက် အဓမ္မလူစုဆောင်းမှု ပိုဆိုးလာလို့ မြို့ခံတွေပြော
ရန်ကုန်က မြို့နယ်တချို့မှာ လာမယ့်စစ်မှုထမ်း အပတ်စဉ် ၈ အတွက် စစ်ကောင်စီလက်အောက်ခံတွေရဲ့ အဓမ္မလူစုဆောင်းမှုတွေ အခုရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခု ဒီဇင်ဘာလ တတိယပတ်ကစတင်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေမှာ ဧည့်စာရင်းကတစ်ဆင့်လူစုဆောင်းသလို ကျင်စက်နဲ့တို့ပြီး လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတယ်လို့ မျက်မြင်တွေ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။
“ဧည့်စာရင်းနဲ့ အိမ်တွေအထိဝင်ခေါ်တာ။ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးလာတာ။ ပျူစောထီးတွေလည်းပါတယ်။ ထွက်ပြေးတဲ့ကောင်လေးတွေလည်း ထွက်ပြေးကြတယ်။ အခုရက်ပိုင်းတွေ တော်တော်ဆိုးလာတယ်” လို့ လှိုင်သာယာမြို့နယ်၊ သောင်ကြားလေးကျေးရွာမှာနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာ မနက်အစောပိုင်းနဲ့ ညပိုင်း အလုပ်ဆင်းချိန်တွေမှာလည်း အိမ်စီးကားတွေနဲ့ လမ်းသွားလမ်းလာ အမျိုးသားတွေကို ကျင်စက်တွေနဲ့တို့ပြီး ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိနေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက CJ Platform ကို ပြောပါတယ်။
အလားတူ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တွေမှာလည်း ဧည့်စာရင်းမှာပါတဲ့ နာမည်စာရင်းအတိုင်း အိမ်တွေအထိ လာရောက်ခေါ်ဆောင်တာတွေရှိလို့ သတင်းကြားသိတဲ့ လူငယ်တချို့ ဘေးလွတ်ရာ ဆွေမျိုးအိမ်တွေဆီ တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
“ညဘက် ၈ နာရီကျော်တာနဲ့ လမ်းပေါ်တွေ့တဲ့ ယောက်ျားလေးအကုန်ဆွဲတော့တာ။ ဧည့်စာရင်းတွေနဲ့လည်း အိမ်ပေါ်အထိ တက်ဆွဲတာတွေ အနားမှာဖြစ်နေတော့ ရှောင်နေကြတဲ့ကလေးတွေရှိတယ်” လို့ အင်းစိန်မြို့ခံ ကိုဇော်က ပြောပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ၊ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် ည ၈ နာရီကျော်ပါက လမ်းပေါ်လူနဲ့ ယာဉ်အသွားအလာ မရှိသလောက် ရှင်းလင်းနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
“ညဦးပိုင်းကတည်းက ဈေးက ရောင်းမကောင်းတော့ဘူး။ ရန်ကုန်မှာတော့ မကောင်းတာတွေချည်းပဲ” လို့ ရွှေပြည်သာမြို့မှာ အရက်/ဘီယာအေးဂျင့်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ အခု ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာပြီး စစ်မှုထမ်းဖို့ ခံဝန်ထိုးမှ ပြန်လည်လွှတ်ပေးတယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်မိသားစုတွေနဲ့ မြို့ခံတွေဆီက သိရပါတယ်။
အရင်အပတ်စဉ် (၁)ကနေ (၇)အထိအတွင်း ရန်ကုန်မှာ စာရင်းပါသူတွေထဲ စစ်သင်တန်းမလိုက်ချင်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ငွေကြေးတောင်းပြီး လူစားထိုးပေးတာတွေကို လုပ်ဆောင်ခဲ့ကြပေမဲ့ အခုအခါမှာတော့ လူစားထိုးဖို့ အခက်အခဲတွေ ရှိလာနေတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး ရန်ကုန်က မြို့တွင်းမြို့နယ်တွေမှာ တစ်အိမ်ထောင်ကို ကျပ် ၅၀၀၀ ကောက်ခံနေပြီး ကျေးရွာတွေမှာတော့ တစ်အိမ်ထောင်ကို ကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဆက်လက်ကောက်ခံနေပါတယ်။
ဓာတ်ပုံ – Pro_SAC
ပုံစာ – စစ်မှုထမ်းအပတ်စဉ် (၇) က စစ်သင်တန်းတစ်ခုကို တွေ့ရစဉ်