နဘားတိုက်နယ် ပကဖက မီးရထား CDM ဝန်ထမ်း ၅ ဦးနဲ့ ကျောင်းသား ၃ ဦးကို စစ်အုပ်စုသတင်းပေး သံသယနဲ့ ဖမ်းဆီးရိုက်နှက်ပြီး အကျယ်ချုပ်ချထား
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာက CDM မီးရထားဆေးမှူး၊ ဝန်ထမ်းနဲ့ NUG ကျောင်းသား စုစုပေါင်း ၈ ဦးကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ ခေါင်းဆောင်က စစ်အုပ်စုကို သတင်းပေးတယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ခေါ်ယူစစ်ဆေး ရိုက်နှက်ခဲ့ပြီးနောက် အကျယ်ချုပ်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ CDM ဝန်ထမ်းတွေနဲ့ NUGရဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေသူ ကျောင်းသူတစ်ဦးကို တိုက်နယ်ပကဖခေါင်းဆောင်က လာရောက်ခေါ်ဆောင်ကာ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နဘားကျေးရွာရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာတာကြောင့် လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်အုပ်စုရဲ့ တယ်လီဂရမ်ဂရုထဲမှာ နဘားအနီးတဝိုက်က နေရာတွေမှာပေါ့နော်။ အကြမ်းဖက်တွေရှိတယ်၊ လေယာဉ်နဲ့ ဗုံးကြဲဖို့ဆိုပြီး ဝါဒဖြန့်ထားတာ ရှိတယ်ပေါ့နော်။ အဲဒါကို သတင်းပေးတယ်ဆိုပြီး သံသယနဲ့ ဖမ်းပြီးတော့ ရိုက်နှက်ခေါ်စစ်တာ သူတို့တွေကို” လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီလို ခေါ်ယူစစ်ဆေးတာတွေကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပကဖက ဦးဆောင်ပြီး နဘားကျေးရွာ ပအဖ၊ ပလဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပြီး စစ်ဆေးရာမှာ ၄ နာရီခန့်အကြာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကာ သက်သေအချက်အလက် တစ်စုံတစ်ရာ မတွေ့ရတာကြောင့် ည ၉ နာရီခန့်မှာ လက်ကိုင်ဖုန်းတွေလည်းသိမ်းပြီး နဘားရွာထဲက ဘယ်မှမသွားရဆိုပြီး လက်မှတ်ထိုး ပြန်လွှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြန်လွှတ်ရာမှာ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ NUG အဋ္ဌမတန်းကျောင်းသူတစ်ဦးကိုလည်း အကန့်အသတ်မရှိ အိမ်ထဲမှ အိမ်ပြင်၊ တခြားနေရာတွေကို လုံးဝမသွားရဆိုတဲ့ ခံဝန်ဂတိနဲ့ မိခင်ဖြစ်သူက အာမခံရေးထိုးပေးခဲ့ရတယ်လို့ သိရပါတယ်။
“ဖမ်းခံရတာ ၈ ယောက်။ ၈ ယောက်မှာမှ ၂ ယောက်က ရိုက်ခံရတယ်။ CDM ဆေးမှူးပေါ့နော်၊ မျက်နှာကို လက်သီးနဲ့ ထိုးခံရတယ်တဲ့။ ဆေးမှူးကကျတော့ ပညာတတ်တဲ့ထဲပါတော့ သူ့အနေနဲ့ ထောက်ပြတာပေါ့။ အဲဒါကို သူတို့ကို ပြန်ပြောတယ်ဆိုပြီး လက်သီးနဲ့ထိုးတာ။ နောက်တစ်ယောက်က မီးရထားဝန်ထမ်းပေါ့၊ သူ့ကိုလည်း အရမ်းကြီး ပိုရိုက်ခံရတယ်” လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် အင်းတော်အရှေ့ခြမ်းတိုက်နယ် ပကဖနဲ့အဖွဲ့က CDM မီးရထားဆေးမှူးနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးချိန်မှာလည်း ဆေးမှူးရဲ့ သားဖြစ်သူ နှစ်ဦး ရောက်ရှိလာကာ ဖမ်းဆီးမှုအပေါ် ပြောဆိုမိတဲ့ ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို တိုက်နယ် ပကဖက ရိုက်နှက်ခဲ့သေးကြောင်း သိရပါတယ်။
“သူ့အဖေကို ကြိုးတုပ်ပြီး လာဖမ်းတာပေါ့။ လာဖမ်းတဲ့အချိန်မှာ သူ့သားငယ်က သူ့အဖေကို ဖမ်းရမလားဆိုပြီးတော့ နည်းနည်းပေါက်ကွဲပြလိုက်တာ။ အဲဒါကို သူ့ရှေ့မှာ အဲဒီလိုလုပ်ရမလားဆိုပြီး ဦးလွှမ်းမိုးက ခေါ်ပြီး အဲဒီကလေးမျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ မျက်ကွင်းကြီးကို ညိုလို့” ဆိုပြီး နဘားဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
အထက်ပါ ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ခဲ့တဲ့ CDM မီးရထားဆေးမှူးရဲ့ သားဖြစ်သူတွေဟာ NUG ကျောင်းမှာ ပညာသင်ယူနေသူတွေလည်း ဖြစ်ပါတယ်။
အဲဒီလို CDM ဝန်ထမ်းတွေကို ဖမ်းဆီးရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အင်းတော်အရှေ့ခြမ်း တိုက်နယ် ပကဖ တာဝန်ခံကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ အခုလို ဖမ်းဆီးလုပ်ဆောင်တာတွေအတွင်းမှာ အင်းတော်အရှေ့ခြမ်းတိုက်နယ် ပကဖ ဦးလွှမ်းမိုးက CDM ဝန်ထမ်းတွေရဲ့ CDM Code တွေကို ပြခိုင်းခဲ့ပြီး CRPH က ထုတ်ပေးထားတဲ့ အဲဒီကုဒ်တွေကို အတုတွေလို့ စွပ်စွဲပြောဆိုခဲ့ကြောင်း၊ ခရီးသွားတဲ့ CDM ဝန်ထမ်းတွေ ပြန်လာပါက သူ့ကို အကြောင်းကြားတာတွေ လုပ်ဆောင်ရမယ်ဖြစ်ကြောင်း၊ အထက်အမိန့် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
