ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးသက်ပုံ အနိုင်ရထားတဲ့ စစ်ကိုင်းမှာ စစ်အုပ်စုက လူငယ် ၇၀ ကျော်ကို အဓမ္မဖမ်းဆီး

Author CJ Platform
Categories
Published on Jan 21, 2026

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားတဲ့ ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးသက်ပုံရဲ့  မဲဆန္ဒနယ်ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ စစ်အုပ်စုဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မလိုက်လံ ဖမ်းဆီးနေပြီး မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ လူငယ် ၇၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး စစ်အုပ်စုတပ်သားတွေက စစ်ကိုင်းမြို့ပေါ်လမ်းမတွေပေါ် လှည့်လည်ရင်း အမျိုးသားလူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

 

“ဖမ်းတာက ၇၀၊ ၈၀ လောက် ပါသွားတယ်။ ကားတွေကို အဝေးမှာထားခဲ့ပြီး လမ်းလျှောက်ပြီးဖမ်းတာ။ ဆေးဆိုင်က ကလေးတစ်ယောက်က ဆိုင်ရှေ့ရပ်နေတော့ ပစ္စည်းဝယ်မယ်ထင်ပြီး မေးတာကို ဆွဲသွားသေးတယ်” လို့ မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုက အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ မြို့တွင်းနေရာတချို့မှာ ဖမ်းဆီးမှုတွေ နေ့စဉ်လုပ်ဆောင်တာတွေရှိခဲ့ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေကိုတော့ စစ်အုပ်စုတပ်သား၊ ရဲ၊ ပျူတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တချို့ပါ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိတယ်လို့ သိရပါတယ်။

 

“လူငယ်ပိုင်း တချို့တွေ ရှောင်နေကြတယ်။ စစ်ကိုင်းပြန်မလာကြဘူး။ အခြေအနေက စစ်ကိုင်းလောက် ဘယ်ကမှမဆိုးဘူး။ အတော်ဆိုးတယ်ဗျာ။ အရောင်းအဝယ်စီးပွားရေးသမား ဘယ်လိုလူမှ မလာရဲဘူး။ အိုးဝေသမားတွေဆို အနီးဆုံးမန္တလေးကနေ စစ်ကိုင်းကို ငှားရင် မလိုက်ရဲကြဘူး” လို့ တခြားစစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုက အခုလို ပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မြို့ပေါ်ရှိ လူငယ်တွေကို စစ်မှုထမ်းစေဖို့ အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေတစ်ဆင့် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပေးပို့တာတွေ လုပ်ဆောင်နေတာတွေကြောင့်ပါ မြို့ခံလူငယ်တွေအဖို့ စိုးရိမ်စရာဖြစ်နေတယ်လို့ သိရပါတယ်။

 

စစ်ကိုင်းမြို့ပေါ်မှာ စစ်ကိုင်းတံတားပေါ်၊ မြို့ပေါ်မီးပွိုင့်နေရာတွေနဲ့ လမ်းစုံလမ်းခွတွေ စတဲ့နေရာတွေ၊ မန္တလေး – မုံရွာလမ်းမတွေပေါ်မှာ လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲတာတွေ လုပ်ဆောင်သလို နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အခု ဇန်နဝါရီလအတွင်းမှာ မြို့ခံတွေအပါအဝင် ခရီးသွားလူငယ်အမျိုးသား ၁၀၀ ခန့်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

 

စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်လိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်တွေမှာ လစဉ် လူဦးရေ ၅,၀၀၀ နီးပါး ပြည့်မီစေရေး ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ အထိ ဖွင့်လှစ်ထားခဲ့ပြီး လက်ရှိမှာ အပတ်စဉ်သစ်တွေအတွက် လူငယ်တွေကို ထပ်မံစုဆောင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

စစ်အုပ်စုဟာ စစ်ကိုင်းမြို့ပေါ်မှာ လူငယ်တွေကို အဓမ္မဖမ်းဆီးနေပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဦးသက်ပုံကတော့ ကန့်ကွက်လာမှုတွေနဲ့ ပြည်သူ့ဘက်က ရပ်တည်ဖြေရှင်းပေးမှုတွေကို မတွေ့ရှိရပါဘူး။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – စစ်ကိုင်းမြို့တွင်း တစ်နေရာကို မြင်ရပုံ (ပုံဟောင်း)

 

 

 

Related News

Depend on news