သမိုင်းသစ်ရေးထိုးလိုက်တဲ့ Judy နဲ့ Nick  Zootopia 2 ရဲ့ မယုံနိုင်စရာ ဝင်ငွေစံချိန်

Author CJ Platform
Categories
Published on Jan 21, 2026

ကမ္ဘာတစ်ဝန်းက Animation ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေရတဲ့ Disney ရဲ့ နာမည်ကျော် Zootopia 2 ရုပ်ရှင်ဟာ လက်ရှိမှာ ဟောလိဝုဒ်ရဲ့ သမိုင်းဝင် စံချိန်သစ်တွေကို တစ်ခုပြီးတစ်ခု ချိုးဖျက်ပြီး အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကို သိမ်းပိုက်နေပါတယ်။

 

အခုနှစ် ဇန်နဝါရီ ၁၉ ရက်ရဲ့ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ Zootopia 2 ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြည်တွင်းပြည်ပ ရုံတင်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဒသမ၇ ဘီလျံကျော်အထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ဒသမ၆၉ ဘီလျံနဲ့ စံချိန်တင်ထားခဲ့တဲ့ Pixar ရဲ့ Inside Out 2 ကို ကျော်တက်သွားတာဖြစ်ပြီး ဟောလိဝုဒ်သမိုင်းတစ်လျှောက် ဝင်ငွေအမြင့်ဆုံး Animated ရုပ်ရှင်အဖြစ် ထိပ်ဆုံးကနေ စံချိန်တင် ရပ်တည်နိုင်ခဲ့တာပါ။

 

ဒါ့အပြင် Zootopia 2 ဟာ ကမ္ဘာ့ရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် (၁၀) ကားစာရင်းထဲမှာလည်း အဆင့် (၉) နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး Avengers: Endgame နဲ့ Star Wars: The Force Awakens တို့လို အောင်မြင်ကျော်ကြားလှတဲ့ Blockbuster ဇာတ်ကားကြီးတွေနဲ့ တန်းတူ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီအောင်မြင်မှုမှာ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဈေးကွက်က အဓိက အဆုံးအဖြတ်ပေးခဲ့တာပါ။ Zootopia 2 ရဲ့ စုစုပေါင်းဝင်ငွေရဲ့ ၃၇ ရာခိုင်နှုန်းကျော်ဟာ တရုတ်ပြည်မကြီးကနေ ရရှိတာဖြစ်ပြီး၊ ဒါဟာ တရုတ်နိုင်ငံမှာ ပြည်ပက တင်သွင်းတဲ့ ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ်လည်း သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေအမြင့်ဆုံး Animated ရုပ်ရှင်စံချိန်ကိုတော့ တရုတ်ပြည်တွင်းထုတ် Ne Zha 2 က ကန်ဒေါ်လာ ၂.၂ ဘီလျံကျော်နဲ့ ထိပ်ဆုံးကနေ ဆက်လက်ချုပ်ကိုင်ထားဆဲပဲ ဖြစ်ပါတယ်။

 

လက်ရှိ ဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး Animated ရုပ်ရှင် ထိပ်သီးစာရင်းကို ကြည့်မယ်ဆိုရင်တော့ Zootopia 2 ($1.7 Billion) ၊ Inside Out 2 ($1.69 Billion) ၊ The Lion King (2019) ($1.65 Billion)၊  Frozen II ($1.62 Billion) နဲ့၊  The Super Mario Bros. Movie ($1.36 Billion) တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

 

Disney အနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း Marvel ရုပ်ရှင်တွေဘက်မှာ ရလဒ်တွေ အားနည်းခဲ့တာကြောင့် အနည်းငယ် အခြေအနေ ယိုင်ခဲ့ပေမယ့်၊ အခုလို Zootopia 2 နဲ့ Lilo & Stitch တို့ကနေ ဝင်ငွေအမြောက်အမြား ပြန်လည်ရှာဖွေနိုင်ခဲ့တာဟာ ကုမ္ပဏီအတွက် “ရွှေခေတ်သစ်” တစ်ခုကို ပြန်လည်စတင်လိုက်သလိုပါပဲ။

 

ဒီအောင်မြင်မှုတွေကြောင့်ပဲ Disney အနေနဲ့ Zootopia 3 ကို ဆက်လက်ရိုက်ကူးဖို့အတွက် အစောပိုင်း အဆင့်တွေကို စတင်ပြင်ဆင်နေပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Disney Entertainment ရဲ့ Co-chairman ဖြစ်သူ Alan Bergman ကတော့ “ဒီအောင်မြင်မှုဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်ပါတယ်” လို့ ကျေးဇူးတင်စကား ဆိုထားပါတယ်။