ပြိုင်းကေ့စေရွာက စစ်ကောင်စီစခန်းမကျသေးဘူးဆိုတဲ့ သတင်းမှားဖြန့်လာ

Author CJ Platform
Categories
Published on Jun 21, 2025

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က အမှတ် (၃၂) ရဲတပ်ရင်းရဲ့ အရေးပါတဲ့ ကာကင်းစခန်း တစ်ခုဖြစ်တဲ့ ပြိုင်းစေ့ကေရွာက စစ်ကောင်စီတပ်ရဲ့ စခန်းကို အာရက္ခတပ်တော် (AA) က အင်အားအလုံးရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၅၀) ထက်မနည်း သေဆုံးပြီး အများအပြားကို အရှင်ဖမ်းမိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ယမန်နေ့ ဇွန်လ ၂၀ ရက် ဖော်ပြချက်တွေ အရ သိရပါတယ်။

 

သတင်းဌာနတွေရဲ့ ပြိုင်းစေ့ကေ စခန်းသိမ်းပိုက်ခံရမှု သတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ စစ်ကောင်စီလော်ဘီတွေကလည်း ပြိုင်းစေ့ကေ စခန်းကျဆုံးခြင်းမရှိကြောင်း၊ သတင်းဌာနတွေနဲ့ AA ပေါင်းပြီး လိမ်လည်နေကြောင်း၊ ပေါ်ထွက်လာတဲ့ ရုပ်သံဟာ ယုတ္တိမရှိကြောင်း နဲ့ AA တပ်ဖွဲ့ဝင်တွေကိုသာ စစ်ကောင်စီဘက်က လိုက်လံချေမှုန်းလျက်ရှိတယ်လို့ တန်ပြန် ဖော်ပြကြပါတယ်။

 

ပြိုင်းစေ့ကေစခန်းသိမ်းပိုက်ရရှိမှု ရန်ကုန်ခေတ်သစ် သတင်းဌာန ဖော်ပြချက် – https://tinyurl.com/kpjd3vn

 

ပြိုင်းစေ့ကေစခန်းသိမ်းပိုက်ရရှိမှု BBC သတင်းဌာန ဖော်ပြချက် – https://tinyurl.com/36wcshxv

 

 

ပြိုင်းစေ့ကေစခန်းသိမ်းပိုက်ရရှိမှု Breaking Brainwash ရဲ့ဖော်ပြချက် – https://tinyurl.com/mr3cewxf

 

 

ပြိုင်းစေ့ကေ စခန်းသိမ်းပိုက်ခံရမှု မဟုတ်မှန်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီချန်နယ်များက ဖော်ပြမှုများ –

 

Fact Check ချန်နယ်ဖော်ပြမှု – https://tinyurl.com/59fw3ebv

 

တိုက်ပွဲသတင်းစုံ ချန်နယ်ဖော်ပြမှု – https://tinyurl.com/3497ne9t

 

Snow Queen ချန်နယ် ဖော်ပြမှု – https://tinyurl.com/2s4frnp9

 

ဒါ့ပြင် စစ်ကောင်စီလော်ဘီတွေဟာ ပြိုင်းစေ့ကေမှာ AA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က ဒရုန်းတွေ အမြောက်တွေနဲ့ လိုက်လံပစ်ခတ်ချေမှုန်းနေတယ်ဆိုတဲ့ ရုပ်သံတွေကိုပါ အချိန်ကိုက် ဖြန့်ဝေပြီး စခန်း သိမ်းပိုက်ခံရမှု မရှိကြောင်း ဖော်ပြချက်တွေရှိနေတာကြောင့် စစ်ကောင်စီရဲ့ ဝါဒဖြန့်သူတွေ ဖော်ပြကြတဲ့ ရုပ်သံမှတ်တမ်းတွေကို စစ်ဆေးပြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ ပြိုင်းစေ့ကေ တိုက်ပွဲ အခြေအနေကို CJ Platform က စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း ကျောက်ဖြူ၊ ဓညဝတီရေတပ်ဌာနချုပ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကတည်းက အမှတ် (၃၂) ရဲတပ်ရင်းနဲ့ အနီးဆုံးခံစစ်ဖြစ်တဲ့ ပြိုင်းစေ့ကေရွာက အလယ်တန်းကျောင်းနဲ့ ဘုရားတောင်တို့မှာ အင်အား (၃၀၀) ဝန်းကျင်နဲ့ တပ်စွဲနေရာ ယူထားတယ်လို့ ရခိုင်ပြည်အခြေစိုက် နိရဉ္ဇရာ သတင်းဌာနရဲ့  ဇွန်လ ၁၂ ရက်နေ့ ဖော်ပြထားချက် အရ သိရပါတယ်။

 

ဒါကြောင့် စစ်ကောင်စီလော်ဘီတွေရဲ့ AA တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ချေမှုန်းတဲ့ ရုပ်သံတွေကို စစ်ဆေး ကြည့်ရှုကြည့်ရာမှာတော့ အလယ်တန်းကျောင်း ဝန်းကျင်မှာ AA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတဲ့ အတွက် စစ်ကောင်စီဘက်က ဒရုန်းနဲ့ လက်နက်ကြီးတွေ သုံးပြီး ချေမှုန်းနေတယ်လို့ ဖော်ပြထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ သူတို့ အခြေစိုက်ထားရာ အလယ်တန်းကျောင်းက စခန်းကို လက်လွှတ်လိုက်ရပြီ ဆိုတာကို အတည်ပြုနိုင်ပါတယ်။

 

အမှတ် (၃၂) ရဲတပ်ရင်း၊ ပြိုင်းစေ့ကေ ဘုရားနဲ့ အလယ်တန်းကျောင်းတို့ တည်နေရာကို Google မြေပုံမှာ တွေ့မြင်ရတဲ့ အနေအထားကို ကြည့်ရှုရန် – https://tinyurl.com/medwft9w

 

နိရဉ္ဇရာ သတင်းဌာနရဲ့  ဇွန်လ ၁၂ ရက်နေ့ ဖော်ပြချက် – https://tinyurl.com/d9asar44

 

စစ်ကောင်စီလော်ဘီ မှိုင်းဝေရဲ့ ပြိုင်းစေ့ကေအနီးက AA တပ်ဖွဲ့ဝင်များကို ချေမှုန်းခြင်းဆိုတဲ့ ရုပ်သံကို ကြည့်ရှုရန် – https://tinyurl.com/4puu7aye

 

ပြိုင်းစေ့ကေ အလယ်တန်းကျောင်းတည်နေပုံကို Google မြေပုံမှာ ကြည့်ရှုရန် – https://tinyurl.com/3jn7rdaw

 

ပြိုင်းစေ့ကေ အလယ်တန်းကျောင်းကို စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပုံ – https://tinyurl.com/4d3zfx9b

 

ပြိုင်းစေ့ကေ အလယ်တန်းကျောင်း လမ်းတစ်ဖက်ခြမ်းရှိ နေအိမ်ကို စစ်ကောင်စီက အမြောက်ဖြင့် ပစ်ခတ်နေပုံ – https://tinyurl.com/msz32kan

 

ပြိုင်းစေ့ကေ အလယ်တန်းကျောင်းဟာ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ အဖြောင်းအတိုင်း တိုင်းတာပါက မီတာ ၇၀၀ ဝန်းကျင်သာ ကွာဝေးတော့တာ ဖြစ်ပြီး အလယ်တန်းကျောင်းနဲ့ ရဲတပ်ရင်းကြားထဲ နေအိမ် အနည်းငယ်သာ ရှိတော့တာ ဖြစ်တဲ့အတွက် AA တပ်ဟာ အမှတ် (၃၂) ရဲတပ်ရင်းရဲ့ အနီးဆုံးကို ရောက်ရှိ နေပြီ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။

 

ရခိုင်ပြည်အခြေစိုက် နိရဉ္ဇရာ သတင်းဌာနကလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကတည်းက ‌AA တပ်ဟာ ပြိုင်းစေ့ကေ ရွာရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီကလည်း ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါ့ပြင် နောက်ထပ် ရခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Costal News Agency ကလည်း ဇွန်လ ၁၄ ရက်နေ့မှာ ပြိုင်းစေ့ကေရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၀၀) ပါ စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းလုံး တိုက်ခိုက် ချေမှုန်း ခံလိုက်ရတယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

 

နိရဉ္ဇရာ သတင်းဌာနရဲ့ ဇွန်လ ၁၄ ရက်နေ့ ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/2hekwxz5

 

Costal News Agency သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/mr35ndfs

 

အထက်ပါ အချက်တွေကြောင့် စစ်ကောင်စီတပ်ဟာ ပြိုင်းကေ့စေတိုက်ပွဲမှာ အထိနာကာ ယခင်က အခြေစိုက်ခဲ့ရာ အလယ်တန်းကျောင်းကို လက်လွှတ်လိုက်ရပြီး AA တပ်ဟာ အမှတ် (၃၂) နဲ့ အနီးဆုံး နေရာအထိ ရောက်ရှိနေပြီ ဆိုတာကို အတည်ပြုနိုင်ပါတယ်။

 

စစ်ကောင်စီလော်ဘီတွေကတော့ လက်ရှိအချိန်ထိ ပြိုင်းကေ့စေ့မှာ စစ်ကောင်စီတပ်ကသာ AA တပ်ကို လိုက်လံချေမှုန်းလျက်ရှိကြောင်း ဖော်ပြနေကြပေမဲ့ စစ်ကောင်စီလော်ဘီတွေ ဖော်ပြနေတဲ့ ရုပ်သံတွေ အရကိုပဲ စစ်ကောင်စီတပ်ဟာ အခြေစိုက်ရာ အလယ်တန်းကျောင်းကို လက်လွှတ်လိုက်ရကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။

 

ဒါ့ပြင် ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကတည်းက စစ်ကောင်စီလော်ဘီချန်တယ်တစ်ခုဖြစ်တဲ့ Ko Myo Win ချန်နယ်က AA တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ထိရောက်မှုရှိပြီး စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ချေမှုန်းတဲ့ ဝါဒဖြန့် ရုပ်သံတွေဟာ မြေပြင်မှာ ရန်သူကို ဟန့်တားနိုင်ခြင်းမရှိကြောင်း ဝေဖန်ရေးသားထားပြီး အခြား လော်ဘီချန်နယ်တွေကလည်း ပြန်လည်မျှဝေမှုတွေ ရှိနေပါတယ်။

 

Ko Myo Win ချန်နယ်ဖော်ပြချက် – https://tinyurl.com/ypdsc72h

 

ဒါကြောင့် စစ်ကောင်စီလော်ဘီတွေဟာ ပြိုင်းကေ့စေ ရွာက တပ်စခန်း မကျသေးဘူးလို့ ဆိုနေကြပေမဲ့ သူတို့ ဖော်ပြနေကြတဲ့ ဝါဒဖြန့် ရုပ်သံတွေထဲမှာပဲ သူတို့အခြေစိုက်ထားရာ ပြိုင်းကေ့စေရွာက အလယ်တန်းကျောင်း နေရာကို လက်လွှတ်လိုက်ရတာကို အတည်ပြုနိုင်ပြီး အာရက္ခတပ်တော် (AA) ဟာ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ မီတာ ၇၀၀ ဝန်းကျင်အထိ ရောက်ရှိ ထိုးဖောက်နိုင်နေတာကိုလည်း အဆိုပါ ရုပ်သံတွေ အရ အတည်ပြုနိုင်ပါတယ်။

 

(ယမန်နေ့က ပေါ်ထွက်လာတဲ့ ရုပ်သံဟာ ရှင်းလင်းပြတ်သားမှု မရှိတဲ့အတွက် တည်နေရာ အတည်ပြုနိုင်ဖို့ ခက်ခဲတာကြောင့် စစ်ကောင်စီလော်ဘီချန်နယ်တွေကနေ ဖော်ပြနေတဲ့ ဒရုန်းတွေကနေ ရိုက်ယူထားတဲ့ ကောင်းကင်ဓာတ်ပုံမြင်ကွင်းတွေကိုပဲ အခြေပြုပြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ရှုကာ အတည်ပြုထားခြင်း ဖြစ်ပါတယ်။)

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။