စဥ့်ကူးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဖွားအိုတစ်ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 21, 2025

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက မနေ့ ဇွန်လ ၂၀ ရက်နေ့ ညနေ၅နာရီခွဲခန့်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ သစ်တောရုံးဝင်းကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၇၈ နှစ်အရွယ် အဘွားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရခဲ့ပြီး အဆောက်အဦ နှစ်လုံးခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီက လွတ်မြောက်နယ်မြေတွေကို အကြောက်တရားပေးတဲ့ သဘောပါပဲ။ ဦးတည်ချက်မဲ့ ပစ်နေတာဗျ။ ပြည်သူတွေရှိတဲ့နေရာ လူထူထပ်တဲ့နေရာတွေ ပစ်နေတာဗျ” လို့ စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက CJ Platform ကို ပြောပါတယ်။

 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ ဇွန်လ ၁၃ ရက်ကနေ ၁၉ ရက်နေ့အတွင်း ငလျင်ဘေးဒဏ် ခံစားရတဲ့ မန္တလေးနှင့် စစ်ကိုင်းဒေသတွေ အပါအဝင် ဒေသ ၆ ခုမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၃ ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ – ဇွန်လ ၂၀ ရက်နေ့က စဥ့်ကူးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့မှုကို တွေ့မြင်ရစဉ်

 

ဓာတ်ပုံ – ကိုသံမဏိ