ရန်ကုန်မြို့မှာ ရေကြီးနေ

ရန်ကုန်မြို့မှာ ဇွန်လ ၂၀ ရက်နေ့ညက စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ်အချို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မင်္ဂလာတောင်ညွန့်၊ ရွှေပြည်သာ၊ အင်းစိန်၊ ကျိုက်ဝိုင်း၊ သမိုင်း၊ မရမ်းကုန်း၊ ပါရမီ၊ သန်လျင် စတဲ့နေရာတွေမှာ ရေကြီးရေလျှံနေပြီး ကားလမ်းမတွေပါ ရေဖုံးလွှမ်းနေတာကြောင့် သွားလာရေးပါ အခက်တွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အလုပ်သွားဖို့ အဆင်မပြေဖြစ်ကြတာများပါတယ်။ မိုးကြီးလို့ လမ်းတွေပါ ပိတ်နေတယ်။ သမိုင်းလမ်းဆုံကနေ ခဝဲခြံအထိကို ကားတန်းက အရှည်ကြီးပဲ၊ စည်းကမ်းမရှိတဲ့ ကားတွေကြောင့် ပိုဆိုးကုန်တာပေါ့” လို့ ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ သမိုင်းလမ်းဆုံအပြင် နေရာတော်တော်များများ ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး မိုးဆက်လက်ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှုဟာ ရန်ကုန်မြို့အတွင်းမှာ မိုးရေချိန် ၁ လက်မကနေ ၄ လက်မအထိ ရွာသွန်းနေတာဖြစ်ပြီး ဒီရေထရက် ဖြစ်တာနဲ့ မိုးရွာသွန်းမှုများတာတွေကြောင့် အခုလို ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ မိုးလေဝသပညာရှင်အချို့က ပြောပါတယ်။
အနောက်တောင်မုတ်သုန်လေဟာ ဆက်လက်အားကောင်းနေမှာဖြစ်ပြီး ဇွန်လ ၂၄ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း လေပွေလှိုင်း ဖြစ်ပေါ်နိုင်လို့ မိုးများနေမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်