မီဇိုရမ်က စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ကြားခွင့်မပေးလို့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးခက်ခဲနေ

Author CJ Platform
Categories
Published on Apr 21, 2025

အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေနေထိုင်တဲ့ တွီဒန်းကျေးရွာနယ်နမိတ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ကစတင်ပြီး စာသင်ကျောင်း ဖွင့်လှစ်ခွင့်မပေးတော့တဲ့အပြင် ဆောက်လုပ်ထားတဲ့ စာသင်ကျောင်းကိုပါ ဖျက်ခိုင်းလို့ စစ်ဘေးရှောင် ကလေးငယ်တွေ စာသင်ကြားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

တွီဒန်းကျေးရွာက စစ်ဘေးရှောင်တွေကို ဒေသအာဏာပိုင်တွေက အချက် ၈ ချက်ပါ စည်းကမ်းချက် တစ်ခု သတ်မှတ်ပေးလိုက်တဲ့အပြင် အဲဒီစည်းကမ်းချက်ထဲ စစ်ဘေးရှောင်တွေအနေနဲ့ စာသင်ကြားခွင့် မရှိဘူးလို့ သိရှိရပါတယ်။

“ မင်းတို့တွေ ကျောင်းဖွင့်ခွင့်မပေးဘူး၊ စာသင်လို့လည်းမရဘူး၊ ကျောင်းဖွင့်ပိုင်ခွင့်လည်းမရှိဘူး။ မြန်မာပြည် စာသင်ကျောင်းဖွင့်လို့မရဘူး၊ ဆောက်ထားတဲ့ကျောင်းကို စနေနေ့မှာအပြီးဖျက်ပေးရမယ်။ မဖျက်ရင် အကုန်မောင်းထုတ်မယ်လို့ ကျေးရွာတာဝန်ခံတွေကပြောတယ် “ လို့ ဒီအကြောင်းသိရှိသူ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မီဇိုရမ်ဒေသအာဏာပိုင်ဖြစ်တဲ့ တွီဒန်းကျေးရွာကောင်စီနဲ့ Young Lai Association (YLA)က ထုတ်ပြန်ထားတဲ့ အချက်ရှစ်ချက်ထဲ စစ်ဘေးရှောင်တွေကို နိုင်ငံသားကဒ်၊ အာဒါးကဒ်(ပြည်နယ်သားကဒ်)အပြင် ယာဉ်မောင်းလိုင်စင်တွေ မွေးစာရင်းတွေပါ ပြုလုပ်ပိုင်ဆိုင်ခွင့် မရှိဘူးလို့လည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မရှိသလို ဝင်ငွေရတဲ့လုပ်ငန်း လုပ်ကိုင်တာတွေ မြေဝယ်လို့မရတာတွေပါဝင်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပါက ကျေးရွာမှာ နေထိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

 

“ ကျွန်မတို့ကတော့ ဘာမှမပြောသာဘူး၊ သူတို့ပြောတဲ့အတိုင်း လိုက်နာရုံပဲ၊ ကိုယ့်ဒေသကိုယ့်ရပ်ရွာမှ မဟုတ်တာကိုး၊ ရှေ့ဆက်ဘာဖြစ် အုံးမလဲ မသိသေးဘူး “ လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ဘေးရှောင်တွေဆိုပေမဲ့ အကူအညီအထောက်အပံ့တွေကို မှီခိုပြီးနေတဲ့သူတွေ မဟုတ်တာကြောင့် ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေဟာ သူတို့အတွက် အခက်အခဲများစွာ ရှိနေတယ်လို့ သူမက ဆက်ပြောပါတယ်။

 

စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျေးရွာအာဏာပိုင်တွေနဲ့  သွားရောက် ညှိနှိုင်းနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

လက်ရှိ တွီးဒါန်းကျေးရွာမှာ ဆောက်လုပ်ထားတဲ့ စာသင်ကျောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာ  ဖျက်ပေးလိုက်ရပြီဖြစ်ပြီး ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေအနေနဲ့ သောကရောက် နေသေးတယ်လို့လည်း သိရပါတယ်။

 

“ ကျောင်းက ကျောင်းဆရာကိုလည်း ရွာကနေထွက်သွားဖို့ စာပို့ထားတယ်။ ၂၅ ရက်နေ့မတိုင်ခင် တွီးဒါန်းကနေထွက်ရမယ်။ မထွက်ရင် အရေးယူမယ်လို့ စာထဲမှာပါတယ် “ လို့ စစ်ဘေးရှောင်စခန်းနဲ့ နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တွီဒန်းကျေးရွာဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင်တည်ရှိပြီး ဘောင် မျိုးနွယ်စု အများဆုံး နေထိုင်တဲ့ကျေးရွာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေ သွားရောက်နေထိုင်ကြကာ လက်ရှိမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၂၇၀ ကျော်၊ လူဦးရေ ၁၂၀၀ ကျော် နေထိုင်လျက် ရှိနေပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဖျက်လိုက်ရတဲ့ တွီးဒါန်းကျေးရွာက စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းကို မြင်ရပုံ (ပုံဟောင်း)

Related News

Depend on news