မိုးဗြဲတွင် မြေပြင်တိုက်ပွဲများ ဆက်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းက အဆက်မပြတ်တိုက်ခိုက်နေ

Author CJ Platform
Categories
Published on Apr 21, 2025

ရှမ်း-ကရင်နီနယ်စပ်၊မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

 

ဧပြီ ၁၉ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ​မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ရေး အင်အား ၁၀၀ ကျော်နဲ့ လက်နက်ကြီးနဲ့ဒရုန်းတွေ အသုံးပြုကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခဲ့တာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ၂ နာရီဝန်းကျင်ကြာမြင့်တဲ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီတိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ရှမ်းတောင်စစ်ဒေသ အမှတ် (၁) ဗျူဟာက ရဲဘော် ၂ ဦးဒဏ်ရာရရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။

 

“လောလောဆယ် သူတို့(စစ်ကောင်စီတပ်)က တပ်စခန်းနဲ့ ကာကင်းလောက်ပဲ ထိန်းထားတာပါ ကျန်တဲ့မြို့တွေတော့ ငါတို့ပဲထိန်းချုပ်တုန်းပါ၊ လေကြောင်းတော့ မနေ့ည နှစ်ကြိမ်လာကြဲတယ် ထိခိုက်မှုတော့မရှိဘူး”လို့ ရှမ်းတောင်စစ်ဒေသ အမှတ် (၁) ဗျူဟာ ပြောရေးဆိုခွင့်ရှိသူက CJ Platform ကိုပြောပါတယ်။

 

မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၂၂ တပ်ရင်းနဲ့ ကာကင်းတွေမှာသာ စစ်ကောင်စီတပ်တွေကျန်ရှိနေပြီး ကျန်နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံဘက်ကနေ ရိက္ခာနဲ့ခဲယမ်းတွေ ပို့ဆောင်နေတာပါ။

 

မိုးဗြဲမြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရသလို စစ်ကောင်စီကလဲ နေ့စဉ်လေကြောင်း တိုက်ခိုက်နေကြောင်း ကယန်းအမျိုးသား တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ကိုခွန်တောင်ကြီးက CJ Platform ကိုပြောပါတယ်။

 

“လေကြောင်း တိုက်ခိုက်မှုကတော့ နေ့စဉ်နဲ့အမျှပါပဲ၊ ဘာကြောင့်လေကြောင်းကို ပိုပြီးတော့ သုံးရတာလဲဆိုတာကလဲ နေ့စဉ်ရက်ဆက် ထိတွေ့မှုတွေ ရှိနေပါတယ်၊ မနေ့ကထိတွေ့မှုမှာ သူတို့(စစ်ကောင်စီ)အထိနာတော့ တစ်နေကုန် လေကြောင်းသုံးတယ်”လို့ သူကပြောပါတယ်။

 

၁၁၁၁ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ တော်လှန်ရေးတပ်တွေက မယ်စဲ့၊ နန်းမယ်ခုံ၊ မော်ချီး၊ ရှားတောမြို့တွေကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဘောလခဲ ၊ဖားဆောင်း ၊မိုးဗြဲမြို့တွေကို ဆက်လက် သိမ်းပိုက်နိုင်ရေး ကြိုးစားနေကြပြီး စစ်ကောင်စီမှလဲ ဖယ်ခုံမြို့ကို ပြန်လည်ရရှိပြီးနောက် မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး အပြင်းအထန် ကြိုးစားနေပါတယ်။

 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရေးပေါ်အခြေအနေမှလွဲ၍ မိုးဗြဲမြို့ကိုဒေသခံတွေ ဖြတ်သန်းသွားလာခြင်း သတိထားကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊အမှတ် ၁ ဗျူဟာ

 

ပုံစာ –  မိုးဗြဲမြို့တွင်းမှာ တော်လှန်ရေးရဲဘော်များ